အခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပကို အစေ့လွတ် ပြောင်းတင်ပို့မှုကနေ ပို့ကုန်ဝင်ငွေ အမေရိကန် ဒေါ်လာ ၃၅၄ သန်း ရရှိဖို့ မျှော်မှန်းထားတယ်လို့ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်းက သိရပါတယ်။

အခုဘဏ္ဍာနှစ်ထဲမှာ ပြည်ပကို ပြောင်းတန်ချိန် ၁ ဒသမ ၃၆ သန်း တင်ပို့နိုင်ဖို့ လျာထားတာဖြစ်ပါတယ်။
ပြည်ပကို အစေ့လွတ် ပြောင်းတင်ပို့မှုအပြင် ပြောင်းချဉ်ဖတ်၊ ပြောင်းအချိုရည် စတဲ့ တန်ဖိုးမြှင့် ပြောင်းထုတ်ကုန် အမျိုးမျိုးတွေပါ ထုတ်လုပ်တင်ပို့နိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ပြောင်းနှင့် နှမ်းကုန်သည်များအသင်းရဲ့ အကြံပေးပုဂ္ဂိုလ် ဦးစိုးဝင်းမောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ဘဏ္ဍာနှစ်က ပြည်ပကို ပြောင်းတန်ချိန် ၂ ဒသမ ၄ သန်း တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန် ဒေါ်လာ ၅၇၄ သန်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာ့ အစေ့လွတ်ပြောင်းကို ထိုင်းနိုင်ငံကို အဓိက တင်ပို့ပြီး ထိုင်းနိုင်ငံ ဘက်က မြန်မာ့ပြောင်းတွေကို နှစ်စဉ် ဖေဖော်ဝါရီလကနေ ဩဂုတ်လကုန်အထိ ၇ လ အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့ခွင့် ပြုထားတာပါ။ ထိုင်းနိုင်ငံအပြင် အိန္ဒိယ၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတွေကိုလည်း တင်ပို့နေပါတယ်။

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ စာရင်းတွေအရ ပြောင်းဆန်တစ်တန်ကို FOB ဈေးနှုန်းက အမေရိကန် ဒေါ်လာ ၂၅၅ ဒေါ်လာကနေ ၂၆၅ ဒေါ်လာအကြားရှိပြီး ရန်ကုန်ဈေးကွက်မှာ ပြောင်းဆန်လက်ကား တစ်ပိဿာကို ကျပ် ၁၇၀၀ ကျော်ဝန်းကျင် ပေါက်ဈေးရှိပါတယ်။