ဒီဇင်ဘာလအတွက် သင့်တင့်မျှတတဲ့ ဆန်ဈေးနှုန်းတွေကို မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က သတ်မှတ်ထုတ်ပြန်ရာမှာ ပေါ်ဆန်းနဲ့ အခြား ဆန်အုပ်စုတွေကို ထုတ်ပြန်ထားပြီး ရည်ညွှန်း သတ်မှတ်ဈေးတွေကို ဆန်အမျိုး အစားပေါ် မူတည်ပြီး ဆန်တစ်အိတ်ကို အနည်းဆုံး ကျပ် ၇၃၀၀၀ ကနေ ကျပ် ၁၄၅၀၀၀ အထိ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ပြည်ပတင်ပို့တဲ့ ဆန်ကြမ်းအုပ်စုတွေထဲက ဧည့်မထ၊ ငစိန်၊ ဆင်းသုခ၊ သီးထပ်ယဉ်၊ ရတနာတိုး၊ ငစိန် ရာကျော်၊ ကရင်မ၊ ထွန်းပု၊ GW-11၊ စောရှုပ်၊ ၇၄၇၊ သီးပု၊ နှံကောက် စတဲ့ ဆန် အမျိုးအစားတွေကိုတော့ တစ်အိတ်ကို ကျပ်ခုနှစ်သောင်း သုံးထောင်ကနေ ကျပ်ရှစ်သောင်း ငါးထောင်ကြား သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ပြည်ပတင်ပို့တာနဲ့ ပြည်တွင်းစားသုံးမှုရှိတဲ့ ဆန်အုပ်စုတွေဖြစ်တဲ့ ဇီယာ၊ ငွေတိုး၊ မင်းဧရာ၊ နှံကောက်၊ ရွှေမန်း စတဲ့ ဆန်အမျိုးအစားတွေကိုတော့ တစ်အိတ်ကို ကျပ်ရှစ်သောင်း ငါးထာင်ကြား သတ်မှတ်ထားပါတယ်။

ရွှေသွယ်၊ အညာသား၊ ပခန်းဆန်တွေ၊ မှော်ဘီ-၂၊ မှော်ဘီ-၃၊ ဖန်သီးသုခ၊ လုံးသွယ်မွှေး၊ ရက် ၉၀၊ မိုး-မနောသုခ/ဆင်းသုခ၊ ဗျော့ထွန်း စတဲ့ ဆန်အမျိုးအစားတွေကတော့ တစ်အိတ်ကို ကျပ် ကိုး သောင်း ခုနှစ်ထောင်၊ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်တိုင်းဒေသကြီးတွေက ထွက်တဲ့ စားသုံးမှုအရည်အသွေး ကောင်းမွန်တဲ့ ဧရာပဒေသာ၊ ဧရာမင်း(ဧရာဝတီတိုင်းဒေသကြီး)စတဲ့ ဆန်အမျိုးအစားတွေကိုတော့ တစ်အိတ်ကို ကျပ်တစ်သိန်း သုံးထောင်သတ်မှတ် ထားပါတယ်။

ဒါ့အပြင် မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ နေပြည်တော်နဲ့ မြန်မာနိုင်ငံအထက်ပိုင်းက ထွက်တဲ့ အရည်အသွေး အထူးကောင်းမွန်တဲ့ ဧရာမင်း၊ ဧရာပဒေသာ၊ မဂျမ်းတောစတဲ့ ဆန်အမျိုးအစားတွေကတော့ တစ်အိတ်ကို ကျပ်တစ်သိန်း သုံးသောင်းသုံးထောင်သတ်မှတ် ထားပါတယ်။ပေါ်ဆန်းအုပ်စုတွေကိုလည်း ဆန်အတန်းအစားအလိုက် တစ်အိတ်ကို အနိမ့်ဆုံး ကျပ်တစ်သိန်း နှစ်သောင်းခွဲကနေ အမြင့်ဆုံး ကျပ်တစ်သိန်း လေးသောင်းခွဲအထိ သတ်မှတ်ထားပါတယ်။

အခုထုတ်ပြန်တဲ့ ဆန်ဈေးနှုန်းတွေကို ဈေးကွက်အတွင်း ရောင်းချရာမှာ သင့်တင့်မျှတတဲ့ ရည်ညွှန်းဈေးတွေအပေါ် ၈ ရာခိုင်နှုန်းထက် ပိုပြီး ရောင်းချခြင်း မပြုလုပ်ဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဈေးအရောင်း စင်တာ (Super Market၊ Mini Market) တွေမှာ Consumer Packaging နဲ့ ရောင်းချမှု အတွက် ရွှေဘိုပေါ်ဆန်း တစ်ကီလိုဂရမ် ကျပ် ၃၈၀၀ကျပ်ကနေ ကျပ် ၄၅၀၀အတွင်း၊ ဧရာဝတီပေါ်ဆန်း တစ်ကီလို ဂရမ် ကျပ် ၃၃၀၀ ကနေ ကျပ် ၃၈၀၀ အတွင်း၊ ရက်(၉၀) / အထူးဧည့်မထ တစ်ကီလိုဂရမ် ကျပ် ၂၅၀၀ ကနေ ကျပ် ၂၆၅၀ အတွင်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။