ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့ပေါ် ရပ်ကွက်တွေမှာ ဩဂုတ် ၂၇ ရက်၊ နေ့လယ်ပိုင်းကစပြီး ရေကြီး ရေလျှံမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အခုလို ရေကြီးရေလျှံမှု ဖြစ်ပွားတာဟာ နှစ်ပေါင်း ၃၀ အတွင်း ပထမဦးဆုံး အကြိမ်ဖြစ်ပြီး မိုးအဆက်မပြတ် ရွာသွန်းကာ တောင်ကျချောင်းရေ စီးဆင်းတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ရေကြီးရေလျှံမှုကတော့ မြို့ပေါ်ရပ်ကွက်တွေမှာဆိုရင် ၂ ပေခွဲ၊ ၃ ပေလောက်ထိ မြင့်တက်ခဲ့တာဖြစ်ပြီး မီးသတ်တပ်ဖွဲ့၊ ပရဟိတအဖွဲ့တွေ အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးခဲ့တယ်လို့လည်း ကွန်ဟိန်းမြို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
လက်ရှိ ဩဂုတ် ၂၈ ရက်၊ နေ့လယ်ပိုင်းမှာတော့ ရေကြီးရေလျှံမှုဟာ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ပြန်လည် ကျဆင်းသွားပေမယ့် ကွန်ဟိန်းမြို့ပေါ် ရပ်ကွက်တွေမှာတော့ ရေပြန်ကျမှု မရှိသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။