နိုင်ငံတော်က ကာကွယ်ဆေးနဲ့ဆက်စပ်ပစ္စည်းတွေဝယ်ယူနိုင်ရေးအတွက် နိုင်ငံတော်ရန်ပုံငွေကနေ အလုံးစုံကျခံ ပြီးဝယ်ယူတဲ့နည်းလမ်း၊ နိုင်ငံတော်နဲ့ GAVI တို့ အချိုးကျထည့်ဝင်ပြီး ဝယ်ယူတဲ့နည်းလမ်းတို့နဲ့ နှစ်စဉ် နိုင်ငံပိုင် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ(၁၀)သန်းခန့်အထိ ကျခံသုံးစွဲနေပြီး ကာကွယ်ဆေးထိုးနှံတိုက်ကျွေးတဲ့ လုပ်ငန်း တွေကို အားပေးဆောင်ရွက်နေတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းကပြောပါတယ်။

ပြည်ထောင်စုနယ်မြေ နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄)မှာကျင်းပပြုလုပ်တဲ့ “ကမ္ဘာ့ကာကွယ် ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၆) အထိမ်းအမှတ်အခမ်းအနား”မှာအခုလိုထည့်သွင်းပြောကြား ခဲ့တာပါ။မြန်မာနိုင်ငံမှာ ကျန်းမာရေး ဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေ၊ ဆက်စပ်ဌာနဆိုင်ရာတွေ၊ ကလေးမိဘတွေက အားကောင်းစွာပူးပေါင်းပြီး ကာကွယ်ဆေးထိုးလုပ်ငန်းတွေအရှိန်အဟုန်နဲ့ ဆောင်ရွက်နေတာကြောင့် မြန်မာနိုင်ငံ မှာကာကွယ်ဆေးနဲ့ ကာကွယ်လို့ရတဲ့ရောဂါတွေoutbreak သဖွယ် အစုလိုက် ဖြစ်ပွားမှုမရှိဘူးလို့လည်းပြော ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ကာကွယ်ဆေးထိုးလွှမ်းခြုံမှုကို ဆန်းစစ်ရာမှာ (၂၀၂၁)ခုနှစ်မှာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ကာကွယ်ဆေးတွေရဲ့ လွှမ်းခြုံမှုအခြေအနေဟာ (၅၀)ရာခိုင်နှုန်းအောက်သာရရှိခဲ့ပြီး (၂၀၂၅) ခုနှစ်မှာတော့ လွှမ်းခြုံမှုရာခိုင်နှုန်းဟာ (၈၀)ရာခိုင်နှုန်းအထက်ကိုရောက်ရှိခဲ့တဲ့အတွက် လွှမ်းခြုံမှုရာခိုင်နှုန်းတွေ ပြန်လည်တိုးတက်လာတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။အဲဒီ့အပြင် နိုင်ငံတော်သမ္မတရဲ့ ရက်ပေါင်း(၁၀၀) စီမံချက်ကာလအတွင်းမှာ ကာကွယ်ဆေးထိုးလုပ်ငန်းလည်း ပါရှိပြီး ကာကွယ်ဆေးထိုးနှံတိုက်ကျွေးတဲ့လုပ်ငန်းကို ဦးစားပေး ဆောင်ရွက်သွားရမှာဖြစ်တယ်လို့လည်းပြော ကြားခဲ့ပါတယ်။




