အပူဒဏ်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုလုပ်ငန်းတွေကို ကျေးလက်ဒေသအထိ ရောက်ရှိအောင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရမယ်လို့ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာအေးထွန်းက ပြောပါတယ်။ဧပြီ(၂)ရက်က Semi Virtual စနစ်နဲ့ပြုလုပ်တဲ့ အပူဒဏ်အန္တရာယ်နှင့်ပတ်သက်ပြီး ကျန်းမာရေးပြသနာများ ကာကွယ်ကုသရေး ညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

အပူဒဏ်အန္တရာယ် မဖြစ်မီကတည်းက ကာကွယ်နိုင်ရေးဟာ အရေးကြီးတဲ့အတွက် အသိပညာပေးနှိုးဆော်မှု လုပ်ငန်းတွေကို ကျေးလက်ဒေသအထိ ရောက်ရှိစေဖို့ ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်သူ့ဆေးရုံတွေမှာ ကြိုတင် ပြင်ဆင်တာတွေ ဆောင်ရွက်ရာမှာ ကုသရေးအထူးကုဆရာဝန်ကြီးတွေနဲ့ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ဒါ့အပြင် အပူဒဏ်အန္တရာယ် လူနာတွေကို အရေးပေါ်ကုသမှုပေးရာမှာ စံကုသမှု လမ်းညွှန်နဲ့အညီ ဆောင်ရွက်နိုင်ဖို့ လေ့ကျင့်မှုတွေ ဆောင်ရွက်ထားရှိရမှာဖြစ်ပြီး နှစ်စဉ်ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေဖြစ်ပေမဲ့ အပူဒဏ်အန္တရာယ် ဖြစ်ပွားမှု ပိုမိုလျော့နည်းစေရေးအတွက် အားထုတ်ကြိုးပမ်းဆောင်ရွက်ရမှာ ဖြစ်တယ်လို့လည်း ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ပြောကြားခဲ့ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အပူဒဏ်အန္တရာယ်နဲ့ ပတ်သက်တဲ့ ကျန်းမာရေးပြသနာတွေ ကာကွယ်ကုသရေး အတွက် လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေပြီး အခုနှစ် အပူဒဏ်အန္တရာယ် ဖြစ်ပွားမှုကိုလည်း စောင့်ကြပ်ကြည့်ရှုနေတယ်လို့ ဆိုပါတယ်။အပူဒဏ် အများဆုံးခံရတဲ့ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနဲ့ နေပြည်တော်မှာရှိတဲ့ ဗဟိုအဆင့်ဆေးရုံးကြီးတွေမှာ အပူရှောင်စခန်းတွေ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။အခုနှစ်မှာ အပူဒဏ်အန္တရာယ်ဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှု သတင်းအချက်အလက်တွေအရ ပြည်သူ့ဆေးရုံတွေနဲ့ ကျန်းမာရေးဌာနတွေမှာ အပူဒဏ်အန္တရာယ်ကြောင့် ပြင်းထန်လူနာနဲ့ သေဆုံးလူနာတွေ အခုထိ မရှိသေးဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။




