အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူး အမ်ဘာပေဟာ သောကြာညက ကစားခဲ့တဲ့ ဘရာဇီးအသင်းနဲ့ ခြေစမ်းပွဲမှာ တစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ပြင်သစ်လက်ရွေးစင်အသင်းရဲ့ သွင်းဂိုးအများဆုံးစံချိန်ကို လိုက်မီဖို့အတွက် တစ်ဂိုးသာလိုတော့တယ်လို့ သိရပါတယ်။ ပွဲချိန် ၃၂ မိနစ်မှာ ဒမ်ဘီလီရဲ့ ဖန်တီးပေးမှုကတစ်ဆင့် သွင်းယူခဲ့တဲ့ သွင်းဂိုးက အမ်ဘာပေရဲ့ ပြင်သစ်လက်ရွေးစင် ကစားသမားဘဝ ၉၄ ပွဲမှာ ၅၆ ဂိုးမြောက်သွင်းဂိုးဖြစ်ပါတယ်။

လက်ရှိ ပြင်သစ်လက်ရွေးစင်အသင်းရဲ့ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်တင်ထားသူက တိုက်စစ်မှူး ဂျရူးဖြစ်ပြီး ၁၃၇ ပွဲမှာ ၅၇ ဂိုးသွင်းယူထားခဲ့တာဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင်အသင်းအတွက် အသက် ၁၈ နှစ်အရွယ် ၂၀၁၇ ခုနှစ်မှာ စတင်ကစားပေးခွင့်ရခဲ့တဲ့ အမ်ဘာပေဟာ လာမယ့်ပွဲတွေမှာ ဂိုးတွေသွင်းယူနိုင်ခဲ့မယ်ဆိုရင် ပြင်သစ်လက်ရွေးစင်အသင်းသမိုင်းမှာ ပွဲအနည်းဆုံးနဲ့ ဂိုးအများဆုံးသွင်းယူနိုင်တဲ့ ကစားသမားအဖြစ် စံချိန်တင်နိုင်တော့မှာလည်းဖြစ်ပါတယ်။

အမ်ဘာပေဟာ ဒူးဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် ကလပ်အသင်း ရီးရဲလ်မက်ဒရစ်ရဲ့ ပွဲစဉ်တွေကို လွဲချော်ခဲ့ရပေမယ့် ဘရာဇီးအသင်းနဲ့ ကစားခဲ့တဲ့ ပြင်သစ်အသင်းမှာ ပွဲထွက်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ ပြင်သစ်နည်းပြ ဒက်ချမ့်စ်ကလည်း အမ်ဘာပေကို အလွန်အကျွံအသုံး ပြုတာမျိုး လုပ်မှာမဟုတ်ဘူးလို့ ပြောထားပြီး ဘရာဇီးနဲ့ပွဲမှာလည်း ၆၆ မိနစ်မှာပဲ အမ်ဘာပေကို လူစားလဲခဲ့ ပါတယ်။




