တတိယအကြိမ် ပြည်သူ့လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းနိုင်ရေး ထပ်မံ အဆိုတင်သွားမယ်လို့ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက One News သတင်းဌာနရဲ့ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားပါတယ်။လွှတ်တော်အဆက်ဆက် ပြဋ္ဌာန်းအတည်ပြုနိုင်ခြင်း မရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြန်ရုပ်သိမ်းနိုင်တဲ့ ဥပဒေ ပြဋ္ဌာန်းနိုင်ဖို့ အခုတစ်ကြိမ် လွှတ်တော်သက်တမ်းမှာ ထပ်မံကြိုးစား ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုတစ်ကြိမ် ပြည်သူ့လွှတ်တော်မှာတော့ ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းအတိုင်း လျှောက်လှမ်းမှာ ဖြစ်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြင်သင့်ပြင်ထိုက်တာကို ပြင်ဆင်သွားမှာ ဖြစ်သလို ပုဒ်မ ၂၆၁ လို တိုင်းဒေသကြီး ဝန်ကြီး ချုပ်တွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေက ရွေးကောက် တင်မြှောက်နိုင်တဲ့ အခင်းအ ကျင်းမျိုး ဆောင်ရွက်လာလိမ့်မယ်လို့ မျှော်လင့်မိတယ်လို့လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြောပါတယ်။လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း (Right to Recall) ကို ပထမအကြမ် ပြည်ထောင်စုလွှတ်တော်က ဆိုင်းငံ့ခဲ့သလို ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာလည်း ပြဋ္ဌာန်းနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။

တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေးကို မတ် ၁၆ ရက် ၊ မနက် ၁၀ နာရီမှာ နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်မှာ စတင် ကျင်းပခဲ့ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ဇေယျာသီရိ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ရီ နဲ့ ဒုတိယဥက္ကဋ္ဌ အဖြစ် တပ်ကုန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင် အုန်းတို့ ရွေးကောက်တင်မြှောက်ခံရတာ ဖြစ်ပါတယ်။တတိယအကြိမ်ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့မှာ ပြည်သူတွေက ရွေးကောက်တင် မြှောက် ထားတဲ့ လွှတ်တော်ကိုယ်စားလှယ် (၂၆၃)ယောက်နဲ့ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အယောက် (၁၁၀) စုစုပေါင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၃၇၃)ယောက် စလုံး အစည်းအဝေး တက်ရောက်ခဲ့ကြပါတယ်။




