အီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆိုလိုက်ပြီလို့ ကြေညာလိုက်သလို ဖြတ်သန်းဖို ကြိုးပမ်းတဲ့ သင်္ဘောမှန်သမျှကို မီးရှို့ဖျက်ဆီးပစ်မယ်လို့ သတိပေးလိုက်တာကို CNN သတင်းမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အဓိကရေနံတင်ပို့ရာ လမ်းကြောင်းတစ်လျှောက်မှာ ပေါက်ကွဲမှုတွေ အများအပြား ဖြစ်ပွားခဲ့ပြီးနောက် ဟော်မုဇ်ရေလက်ကြားကို ပိတ်ဖို့အမိန့်ထွက်လာတာဖြစ်တယ်လို့ အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ (IRGC) ရဲ့ တပ်မှူးတစ်ဦးက ပြောပါတယ်။

IRGC ရဲ့ အကြံပေး ဗိုလ်ချုပ်ဆန်ဒါ အီဘရာဟင် ဂျက်ဘာရီက “ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်ပါပြီ။ ဖြတ်သန်းဖို့ကြိုးစားတဲ့သူ ဘယ်သူမဆို IRGC ရေတပ်နဲ့ ကြည်းတပ်ကသူရဲကောင်းတွေက အဲဒီသင်္ဘောတွေကို မီးရှို့ဖျက်ဆီးပစ်မှာပါ။ ဒီဒေသကို မလာကြပါနဲ့။ ဒီဒေသက နေ ရေနံတစ်စက်မှ ပါခွင့်မပြုတော့ဘူး” လို့ ကြေညာထားပါတယ်။

ဒါပေမဲ့ အီရန်က အဲဒီရေလက်ကြားကို အမှန် တကယ်ပိတ်ဆိုနိုင်ခြင်း ရှိ မရှိဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ ဆန်းစစ်သူတွေက သုံးသပ်ကြ ပါတယ်။ အဲဒီလိုသာ ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်မယ်ဆိုရင် အမေရိကန်ရေတပ်နဲ့ လေတပ်တို့ရဲ့ အကြီး အကျယ် တုံ့ပြန်မှုတွေ ဖြစ်လာစေနိုင်တာကြောင့်လည်း အခုလို သုံးသပ်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ အီရန်နဲ့ စစ်ပွဲအတွင်း အီရန်စစ်သင်္ဘော ၁၁ စင်းကို ဖျက်ဆီးပစ်လိုက်ပြီလို့ အမေရိကန်က ကြေညာထားပါတယ်။




