ထိုင်းနိုင်ငံရွေးကောက်ပွဲမှာ အမတ်နေရာ အများစု အနိုင်ရထားတဲ့ ဘွန်ဂျိုင်ထိုင်း ပါတီခေါင်းဆောင် အနုတင်က အစိုးရသစ်ဖွဲ့စည်းရေးအတွက် မဟာမိတ်ပါတီတွေအကြောင်းကို အသေးစိတ် ပြောကြားဖို့ ငြင်းဆိုခဲ့ပြီး တရားဝင် မဲရလဒ်တွေနဲ့ ပါတီ အလုပ်အမှုဆောင် အစည်းအဝေးကို စောင့်သွားမှာဖြစ်ကြောင်း ပြောကြားလိုက်တာကို The Nation Thailand သတင်းမှာ ဖော်ပြထားပါတယ်။

အမတ်နေရာ ၂၅၀ ကျော် အနိုင်ရရင် တစ်ပါတီတည်းနဲ့ အစိုးရဖွဲ့နိုင်မှာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ ဘွန်ဂျိုင်ထိုင်းပါတီဟာ ညွန့်ပေါင်းဖွဲ့ရဖို့ ရှိနေပြီး လက်တွဲမဲ့ မဟာမိတ်တွေနဲ့ ဝန်ကြီးဌာန ရာထူး ခွဲဝေမှုတွေကို အမည်တပ်ပြောဖို့ အနုတင်က ငြင်းဆိုထားတာပါ။ ဝန်ကြီးချုပ်ထပ်ဖြစ်လာမဲ့ အနုတင်က ပါတီတစ်ခုချင်းစီရဲ့ ရပ်တည်ချက်နဲ့ ချဉ်းကပ်ပုံကို ဆုံးဖြတ်ဖို့အတွက် အရင် ဆုံး အမှုဆောင်ကော်မတီ အစည်းအဝေးခေါ်ယူဖို့ လိုအပ်ပြီး လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက် ဖို့ ရှိတယ်လို့ ပြောပါတယ်။ဖြစ်နိုင်ခြေရှိတဲ့ ညွန့်ပေါင်းထဲမှာ ကလာထမ်း(Klatham)ပါတီ ပါဝင် မလားလို့ မေးမြန်းရာမှာတော့ ဘွန်ဂျိုင်ထိုင်း ရဲ့ ရပ်တည်ချက်ကိုသာ အရင်အာရုံစိုက်မှာဖြစ်ကြောင်းနဲ့ မဲရလဒ် တရားဝင် အပြည့်အစုံ မထွက်လာသေးဘူးလို့ အနုတင်က ပြောဆိုခဲ့ပါတယ်။




