မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတား ဖွင့်လှစ်ပြီးနောက် ရန်ကုန် နဲ့ ဒလဘက်ကို YBS ယာဉ်လိုင်း နှစ်လိုင်း နဲ့ ပြေးဆွဲဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင် ရေး ကြီးကြပ်မှု ကော်မတီ (YRTC) တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က One News ကို ပြောပါတယ်။ဖေဖော်ဝါရီ ၇ ရက်ကတော့ ရန်ကုန်ဘက်ကနေ ဒလဘက်ကို YBS ယာဉ်လိုင်းတွေဖြစ်တဲ့ YBS (၅၈) ယာဉ်လိုင်းက ယာဉ် နှစ်စီး၊ YBS (၇၂) ယာဉ်လိုင်းက ယာဉ်တစ်စီး နဲ့ YBS (၁၀၈) ယာဉ်လိုင်းက ယာဉ်တစ်စီးတို့က စမ်းသပ် ပြေးဆွဲခဲ့ပါတယ်။

“ယာဉ်လိုင်း ၂ လိုင်းနဲ့ ပြေးဆွဲဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို တင်ပြထားတယ်။ ခွင့်ပြုချက်ရရင် ပြေးဆွဲ ပေးသွားမယ်။ ယာဉ်ဘယ်နှစီး နဲ့ ပြေးဆွဲပေးမလဲဆိုတာတော့ မသိရသေးဘူး။ ခွင့်ပြုချက်တော့ ရမှာပါ ” လို့ ဦးလျန်ကျင့်မန်က ပြော ပါတယ်။ရန်ကုန်မြစ်ကို ဖြတ်ကျော်တည်ဆောက်ထားတဲ့ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ) တံတားကို ဖေဖော်ဝါရီ ၆ ရက်၊ မနက်ပိုင်းက နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ပြီး ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတား တည်ဆောက်ရေး လုပ်ငန်းတွေကတော့ (၂၀၁၉) ခုနှစ်၊ မေလမှာ စတင်ခဲ့တာ ဖြစ်ပြီး ၇ နှစ်အကြာမှာ တံတားကို ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ကာ မြန်မာနိုင်ငံရှိ သံမဏိကြိုးဆိုင်း တံတား တွေ အနက် အကြီးဆုံး နဲ့ အရှည်ဆုံးတံတား ဖြစ်လာမှာ ဖြစ်ပါတယ်။

ဒီတံတားကို တန်ချိန် (၁၅၀၀၀) ရှိတဲ့ ပင်လယ်ကူး သင်္ဘောကြီးတွေနဲ့ ပြည်တွင်းရေကြောင်းသွား သင်္ဘောကြီးတွေ တံတားအောက်က ဖြတ်သန်းသွားလာနိုင်အောင်လို့ တံတားကင်းလွတ်အမြင့်ပေနဲ့ အကျယ်ပေတွေကို အမြင့်ဆုံး ထားပြီး ချဉ်းကပ်တံတားနဲ့ ဆင်ခြေလျှောတံတားတွေကို နိုင်ငံတကာစံနှုန်းတွေနဲ့အညီ တွက်ချက် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) မြစ်ကူးတံတားကို ကိုရီးယားနိုင်ငံ စီးပွားဖွံဖြိုးမှု ရန်ပုံငွေချေးငွေနဲ့ အစိုးရ ထည့်ဝင်ငွေ အပါအဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၈၈) သန်းကျော်လောက် အကုန်ကျခံပြီး တည်ဆောက် ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တံတားကြီး အပြီးသတ် ဆောင် ရွက်ဖို့ နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေထဲကနေ မြန်မာ ကျပ်ငွေ ၂၃ ဘီလီယံကျော် ထပ်မံ ဖြည့်စွက်ပြီး ပံ့ပိုးဆောင်ရွက်ပေးခဲ့ တဲအတွက် အခုလို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီတံတားရဲ့ တချို့နေရာတွေမှာ လမ်းအနိမ့်အမြင့် Gradient မတ်စောက်တာကြောင့် ယာဉ်အန္တရာယ်ကင်းရှင်း စေရေး အတွက် ယာဉ်အမျိုးအစားတချိုကို ဒလတံတားပေါ်ဖြတ်သန်းခွင့် ကန့်သတ်သွားမယ်လို့လည်း ဆောက် လုပ်ရေး ဝန်ကြီးဌာနက အသိပေးထားပါတယ်။အခုတံတားကြီး ဖွင့်လှစ်လိုက်တဲ့အတွက် ရန်ကုန်မြို့ကနေ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်တွေ၊ ဧရာဝတီ တိုင်းဒေသကြီး ဒေးဒရဲမြို့ကနေတစ်ဆင့် ဖျာပုံ၊ ဘိုကလေးမြို့တွေနဲ့ ကမ်းခြေဒေသတွေကို အလွယ် တကူ ဆက် သွယ်သွားလာနိုင်တော့မယ်လို့ သိရပါတယ်။ဒီတံတားကြီးဖွင့်လှစ်နိုင်ခဲ့တာဟာ ဒေသတွင်း လူမှုရေး ၊ စီးပွားရေး၊ ပညာရေး ၊ကျန်းမာရေးနဲ့ သယ်ယူပိုဆောင် ရေး ကဏ္ဍ ဖွံဖြိုးတိုးတက်မှု အပါအဝင် ကဏ္ဍပေါင်းစုံမှာ ဖွံဖြိုးတိုးတက်လာပြီး ရန်ကုန်မြိုတော်ရဲ့အထင်ကရ ပြယုဂ် တံတား တစ်စင်း ဖြစ်လာမှာဖြစ်သလို နိုင်ငံတကာတံတားသတ်မှတ်ချက် စံချိန်စံညွှန်းတွေနဲ့အညီ တည်ဆောက်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။




