ရိုးမေးနီးယားနိုင်ငံမှာ ကျင်းပနေတဲ့ ထရန်ဆဲလ်ဗေးနီးယားအိုးပင်း အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှာ ဗြိတိန် တင်းနစ်မယ် ရာဒူကာနူ ဆီမီးဖိုင်နယ်အဆင့်ကို တက်သွားပါတယ်။

ဗြိတိန်အဆင့် ၁ တင်းနစ်မယ် ရာဒူကာနူဟာ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ပိုလန်တင်းနစ်မယ် ချူလင်းစကာနဲ့ ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပြီး ရာဒူကာနူက အကောင်းဆုံးလက်စွမ်းနဲ့အတူ ပြိုင်ဘက်ကို ဖိအားပေးနိုင်ခဲ့တာပါ။

အစောပိုင်းအဆင့်တွေမှာ ပြိုင်ဘက်ကို ၂ ပွဲပြတ်တွေနဲ့ အနိုင်ယူလာခဲ့တဲ့ ရာဒူကာနူဟာ အခု ကွာတားဖိုင်နယ်မှာလည်း ချူလင်းစကာကို (၆း၀၊၆း၄)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူပြခဲ့ပါတယ်။

ရာဒူကာနူအတွက်တော့ လွန်ခဲ့တဲ့ ၅ နှစ်လောက်က ယူအက်စ်အိုးပင်း ချန်ပီယံဆုကို ရယူနိုင်ပြီးနောက်ပိုင်း ပြိုင်ပွဲတစ်ခုရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို ၄ ကြိမ်မြောက်တက်ရောက်နိုင်တာ ဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်လာတဲ့အတွက် ပျော်ရွှင်ရသလို အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တဲ့ အတွက်လည်း ကျေနပ်ရပါတယ်လို့ ပွဲအပြီးမှာ အသက် ၂၃ နှစ်အရွယ် ရာဒူကာနူက ပြောသွားပါတယ်။
ရာဒူကာနူဟာ ပြီးခဲ့တဲ့လက ဩစတြေးလျအိုးပင်း ဒုတိယအဆင့်ကနေ ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြဖြစ်သူနဲ့ လမ်းခွဲ ထားခဲ့တာဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်အဆင့်မှာတော့ ရာဒူကာနူဟာ ယူကရိန်းတင်းနစ်မယ် အိုလီယန်နီကိုဗာနဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။




