တရားဝင်ခွင့်ပြုချက်နဲ့ အီရန်ကို အဝင်အထွက်ပြုနေတဲ့ လေယာဉ်ခရီးစဉ်တွေမှအပ အခြားလေယာဉ်ခရီးစဉ် အားလုံးအတွက် အီရန်လေပိုင်နက်ကို ဇန်နဝါရီ ၁၄ ရက် ဂရင်းနစ်စံတော်ချိန် ၂၂ နာရီ ၁၅ မိနစ်ကစပြီး ယာယီပိတ်ထားကြောင်း ဖက်ဒရယ် လေကြောင်းစီမံခန့်ခွဲရေး ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ အသိပေးချက်ကို ကိုးကားပြီး CNA မှာ ဖော်ပြထားပါတယ်။

ဒီတားမြစ်ချက်ဟာ နှစ်နာရီကျော်ကြာ ကြာမြင့်မှာဖြစ်ပေမဲ့ သက်တမ်းတိုးနိုင်တယ်လို့လည်း အသိပေးချက်မှာ ဖော်ပြထားပါတယ်။

ဝါရှင်တန်က တိုက်ခိုက်လာမယ်ဆိုရင် အမေရိကန်အခြေစိုက်စခန်းတွေကို တိုက်ခိုက်မယ်လို့ တီဟီရန်က အိမ်နီး ချင်းနိုင်ငံတွေကို သတိပေးပြီးနောက် အရှေ့အလယ်ပိုင်းရှိ အခြေစိုက်စခန်းတွေက ဝန်ထမ်းအချို့ကို အမေရိကန် က ရုပ်သိမ်းနေကြောင်း အီရန်အကြီးတန်းအရာရှိတစ်ယောက်က ဇန်နဝါရီ ၁၄ ရက်က ပြောပါတယ်။

အီရန်ရဲ့ ရုတ်တရက်လေပိုင်နက်ပိတ်လိုက်တာက မိမိတို့လေကြောင်းလိုင်းရဲ့ နိုင်ငံတကာလေယာဉ် ခရီးစဉ်အချို့ ထိခိုက်နိုင်တယ်လို့ အိန္ဒိယရဲ့ အကြီးဆုံးလေကြောင်းလိုင်း IndiGo က ပြောပါတယ်။

တီဟီရန်ကို ဦးတည်လာတဲ့ ရုရှားပိုင် Aeroflot လေယာဉ်တစ်စင်းဟာ ပျံသန်းခွင့်ပိတ်ပြီးနောက် မော်စကိုကို ပြန်လည်ရောက်ရှိလာခဲ့တယ်လို့ Flightradar 24 က ခြေရာခံထားတဲ့အချက်အလက်တွေအရ သိရပါတယ်။




