ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းမှာ ဇန်နဝါရီလ ၁၄ ရက်က မောင်းနှင်နေတဲ့ ရထားပေါ်ကို ဆောက်လုပ်ရေးလုပ်ငန်းသုံး ကရိန်းပြုတ်ကျလို့ အ နည်းဆုံးလူ ၃၂ ယောက် သေဆုံးပြီး ၆၆ ယောက် ဒဏ်ရာရခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။

ကရိန်းပြုတ်ကျတဲ့အတွက် ရထားလမ်းချော်ပြီး ရထားတွဲအချို့ပါ ပျက်စီးခဲ့ပြီး ရထားတွဲတစ်တွဲလည်း မီးလောင်ခဲ့ ပါတယ်။

ဒဏ်ရာရရှိသူတွေထဲမှာ အသက်တစ်နှစ်အရွယ် ကလေးငယ်တစ်ယောက်နဲ့ အသက် ၈၅ နှစ်အရွယ် အမျိုးသား တစ်ယောက်ပါဝင်ပြီး လူခုနစ်ယောက်က စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ကရိန်းပြုတ်ကျတဲ့အတွက် တာဝန်ရှိတဲ့ဆောက်လုပ်ရေးကုမ္ပဏီကို တရားစွဲဆိုသွားမယ်လို့ ထိုင်းနိုင်ငံပိုင် မီးရထားဌာနက ပြောပါတယ်။

တာဝန်ရှိသူ အီတလီ-ထိုင်း ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပြီး သေဆုံးသူတွေနဲ့ဒဏ်ရာ ရရှိသူတွေရဲ့ မိသားစုတွေကို လျော်ကြေးပေးမယ်လို့ ပြောပါတယ်။

မတော်တဆမှု ဖြစ်ပွားခဲ့ချိန်က ရထားဟာ ဘန်ကောက်ကနေ အူဘွန် ရက်ချသာနီပြည်နယ် အရှေ့မြောက်ပိုင်းကို မောင်းနှင်နေချိန်ဖြစ်ပါတယ်။ ခရီးသည်အများစုဟာ ကျောင်းသားတွေနဲ့ အလုပ်သမားတွေဖြစ်ပြီး အခြားခရိုင် တွေကို ကျောင်းတက်ဖို့နဲ့ အလုပ်အတွက် ခရီးသွားနေသူတွေ ဖြစ်ပါတယ်။




