နိုင်ငံတော်ယာယီသမ္မတက နိုင်ငံတော်အတွက် ထူးကဲစွာ အမှုထမ်းသူ၊ အကျိုးဆောင်သူတွေ နဲ့ နိုင်ငံတော် ကာကွယ်ရေး နဲ့ လုံခြုံရေး တာဝန်တွေကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့ လူပုဂ္ရိုလ် (၁၈၄) ယောက်ကို ဂုဏ်ထူး ဆောင်ဘွဲ့၊ ဂုဏ်ထူး ဆောင် တံဆိပ်တွေ ချီးမြှင့် အပ်နှင်းလိုက်တယ်လို့ အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီက ဇန်နဝါရီ ၄ ရက်မှာ အမိန်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပါတယ်။

ပြည်ထောင်စု စည်သူသင်္ဂဟ ဘွဲ့ဖြစ်တဲ့ စည်သူဘွဲ့ ချီးမြှင့်ခံရသူ (၂၈) ယောက်ရှိပြီး အဲဒီထဲမှာ ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကံဇော်၊ ပြန်ကြားရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း၊ စာရေးဆရာတွေ ဖြစ်တဲ့ ဦးအုန်းဖေ (တက်တိုး) နဲ့ ဦးစိုးညွန့် (ထီလာစစ်သူ)၊ ဆိုင်းပညာရှင်တွေ ဖြစ်တဲ့ စိန်ဗိုလ်တင့် နဲ့ စိန်စတင်း၊ ရုပ်ရှင် သရုပ်ဆောင် တွေ ဖြစ်တဲ့ ကြည်ကြည်ဌေး၊ ညွန့်ဝင်း၊ ဝါဝါဝင်းရွှေ၊ ခင်သန်းနု၊ ကျော်ဟိန်း၊ ချိုပြုံး၊ ဆွေဇင်ထိုက်၊ မို့မို့မြင့်အောင်၊ ရန်အောင်၊ မေသန်းနု၊ ပြေတီဦး၊ နေတိုး၊ ဒါရိုက်တာတွေ ဖြစ်တဲ့ ဦးသုခ၊ မောင်တင်ဦး နဲ့ ဝိုင်း၊ အတတ်ပညာရှင်တွေဖြစ်တဲ့ ဂီတလုလင် ဦးကိုကို၊ သန်းညွန့် (ပန်းသာ) နဲ့ ဇော်မင်း(ဟံသာမြေ) တို့ ပါဝင်တာ တွေ့ရပါတယ်။တပ်မတော်ဆိုင်ရာ စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင် ဘွဲ့ဖြစ်တဲ့ သီဟသူရဘွဲ့ကိုတော့ ကာကွယ်ရေး ဝန်ကြီး ဌာနက ဗိုလ်မှူး ဝေယံလင်း နဲ့ ဒုတိယအရာခံဗိုလ် ကီးရှယ် တို့ကို ချီးမြှင့်ခဲ့ပါတယ်။

ဆက်လက်ပြီး တပ်မတော်ဆိုင်ရာ စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင် ဘွဲ့ဖြစ်တဲ့ သူရဘွဲ့ကို ကာကွယ်ရေး ဝန်ကြီး ဌာနက ဗိုလ်မှူး ဝေဖြိုး ကို ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။အဲဒီနောက် စွမ်းဆောင်မှု ဆိုင်ရာ ဂုဏ်ထူး ဆောင်ဘွဲ့ ဖြစ်တဲ့ သီရိပျံချီဘွဲ့ကိုတော့ ပညာရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန် အပါအဝင် လေးယောက် ကို ချီးမြှင့်ပါတယ်။အဲဒီနောက်မှာတော့ ဝဏ္ဏကျော်ထင်ဘွဲ့ကိုတော့ ဥပဒေပညာရှင် ဦးမြ၊ တရားလွှတ်တော် ရှေ့နေများ ကောင်စီဝင် ဦးစိုးသိန်း တို့ အပါအဝင် သုံး ယောက်ကို ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ဆက်လက်ပြီးတော့ အလင်္ကာကျော်စွာဘွဲ့ ချီးမြှင့်ခံရသူ (၅၂) ယောက်ကို ကြေညာခဲ့ပြီး အဲဒီထဲမှာ စာရေးဆရာ၊ သတင်းစာ ဆရာ လူထု ဦးလှ၊ လူထု ဒေါ်အမာ၊ စာရေးဆရာ မြသန်းတင့်၊ ဦးသိန်းဖေ (သိန်းဖေမြင့်)၊ ဦးဌေးမြိုင် (ဒဂုန်တာရာ) ၊ဦးမိုးနှင်း (ပီမိုးနင်း)၊ ဦးစိန်တင် (သိပ္ပံမောင်ဝ)၊ ဦးခင်မောင်တင့် (တက္ကသိုလ်ဘုန်းနိုင်)၊ တေးရေးပညာရှင် မြသန်းစံ၊ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ)၊ သရုပ်ဆောင် တွေ ဖြစ်တဲ့ ရွှေဘ၊ ထွန်းဝေ၊ ဦးကျောက်လုံး၊ ခင်ယုမေ၊ ဒေစီကျော်ဝင်း၊ အံ့ကျော်၊ ဇော်ဝမ်း၊ နေအောင်၊ ခင်သီတာထွန်း၊ လွင်မိုး၊ ထွန်းအိန္ဒြာဗို၊ လူမင်း၊ စိုးမြတ်သူဇာ၊ အိန္ဒြာကျော်ဇင်၊ ဖွေးဖွေး၊ ဝတ်မှုန်ရွှေရည် တို့ ပါဝင်တာ တွေ့ရပါတယ်။

သိပ္ပကျော်စွာဘွဲ့ကိုတော့ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၊ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ မျိုးညွန့် အပါအဝင် လူ ပုဂ္ဂိုလ် (၇) ယောက်ကို ချီးမြှင့်ခဲ့ တယ်လို့ သိရပါတယ်။အဲဒီနောက်မှာတော့ တပ်မတော်ဆိုင်စွမ်း ရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ် ဖြစ်တဲ့ သူရဲကောင်း မှတ်တမ်းဝင် တံဆိပ် ရရှိသူ (၅) ယောက်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆိုင်ရာ စွမ်း ဆောင်မှုဂုဏ်ထူးဆောင် တံဆိပ် ရဲသူရိန် တံဆိပ်ရရှိသူ တစ်ယောက်၊ စွမ်းဆောင်မှု ဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်တဲ့ စီမံထူးချွန်တံဆိပ် (ပထမဆင့်) ရရှိသူ (၂၁) ယောက်၊ စီမံထူးချွန် တံဆိပ် (ဒုတိယဆင့်) ရရှိသူ (၃၃) ယောက်၊ စီမံထူးချွန် (တတိယဆင့်) ရရှိသူ (၁၄) ယောက်၊ လူမှုထူးချွန် တံဆိပ် (ပထမဆင့်) ရရှိသူ (၃) ယောက်၊ ဝန်ဆောင်စီးပွား ထူးချွန်တံ ဆိပ် (တတိယဆင့်) ရရှိသူ (၃) ယောက်၊ ဝိဇ္ဇာပညာထူးချွန်တံဆိပ် (ပထမဆင့်) ရရှိသူ (၂) ယောက်၊ဝိဇ္ဇာပညာ ထူးချွန်တံဆိပ် (ဒုတိယဆင့်) ရရှိသူ (၂) ယောက်၊ ဆေးပညာထူးချွန် (ပထမဆင့်) ရရှိသူ တစ်ယောက်၊ အနုပညာထူးချွန် (ပထမဆင့်) ရရှိသူ တစ်ယောက် နဲ့ စာပေထူးချွန်တံဆိပ် (ပထမဆင့်) ရရှိသူ တစ်ယောက် တို့ကိုလည်း ချီးမြှင့် အပ်နှင်းခဲ့တယ်လို့ အမိန့်ကြော်ငြာစာမှာ ဖော်ပြထားပါတယ်။




