လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်း အကျဉ်းထောင်၊ အချုပ်ထောင် စခန်းအသီးသီးကနေ အကျဉ်းသားတွေကို ပြန်လွှတ်ပေးရာမှာ ဇန်နဝါရီ ၄ ရက်၊ မနက် ၁၁ နာရီကျော်လောက်မှာ ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ကနေ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုတဲ့ အကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့ပါတယ်။

အင်းစိန်အကျဉ်းထောင်ကနေ အကျဉ်းသား၊ အကျဉ်းသူ (၈၀၀) ကျော်လောက် ပြန်လွှတ်ပေးခဲ့တယ်လို့ ပြန်လွတ်လာသူတွေရဲ့ ပြောကြားချက်အရ သိရပြီးတော့ YBS ယာဉ်တွေနဲ့ သက်ဆိုင်ရာ နေရပ်တွေကို ပြန်လည် ပို့ဆောင်ပေးခဲ့ပါတယ်။

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၄ ရက်မှာ ကျရောက်တဲ့ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံ တစ်ဝန်း အကျဉ်းထောင်၊ အချုပ်ထောင် စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ (၆၁၃၄) ယောက် နဲ့ နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ (၅၂) ယောက်တို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့တယ်လို့ အမျိုး သား ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီက အမိန့်ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတစ်ဝန်း အကျဉ်းထောင်၊ အချုပ် ထောင် စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူတွေကိုလည်း သူတို့ ကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်ရဲ့ ခြောက်ပုံ တစ်ပုံကို လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့ တယ်လို့လည်း အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေးကောင် စီက အမိန့်ထုတ်ပြန်ခဲ့ပါတယ်။




