ထိုင်းနိုင်ငံအတွင်း နေ့ခင်းပိုင်းအချိန်တွေမှာ အရက်ဘီယာ ရောင်းချခွင့် ကန့်သတ်ထားတာကို ထိုင်းအာဏာပိုင် တွေက ဖြေလျှော့ပေးလိုက်ကြောင်း The Nation Thailand သတင်းမှာ ဖော်ပြထားပါတယ်။

ဆယ်စုနှစ်တွေနဲ့ချီ တည်တံ့ခဲ့တဲ့ အဲဒီစည်းမျဉ်းကို ဖြေလျှော့ပေးတာဟာ နိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း တိုးတက်စေရေးကို အားပေးကူညီဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဖြေလျှော့မှုကို ခြောက်လ စမ်းသပ်ကာလအဖြစ် စတင်ကျင့်သုံးမှာ ဖြစ်ပြီး နေ့ခင်း ၂ နာရီကနေ ညနေ ၅ နာရီအတွင်း အရက်စတိုးတွေ၊ စားသောက်ဆိုင်တွေမှာ ဘီယာ၊ ဝိုင်နဲ့ တခြား အယ်လ်ကိုဟောပါတဲ့ အချိုရည်တွေ ရောင်းချခွင့် ရရှိလာတော့မှာပါ။
ဒါပေမဲ့ အရက်အပြင်းတွေကိုတော့ အဲဒီ အချိန်အပိုင်းအခြားအတွင်း ရောင်းချခွင့် ဆက်ပြီး ပိတ်ထားမှာ ဖြစ်ပါတယ်။ မူလစည်းမျဉ်းအရတော့ နေ့စဉ် နေ့ခင်းပိုင်း ၃ နာရီကြာ အချိန်အတောအတွင်း အယ်လ်ကိုဟောပါတဲ့ အရက်ဘီယာမှန်သမျှ ရောင်းချခွင့် တားမြစ် ထားတာ ဖြစ်ပါတယ်။

၁၉၇၂ ခုနှစ်တုန်းက စတင်သတ်မှတ်ခဲ့တဲ့ စည်းမျဉ်းရဲ့ မူလ ရည်ရွယ်ချက်ကတော့ အလုပ် ချိန်မှာ အစိုးရဝန်ထမ်းတွေ အရက်သောက်တာကို တားဆီးဖို့ ဖြစ်ပါတယ်။




