ရုရှားဟာ ဥရောပနဲ့ စစ်တိုက်လိုခြင်း မရှိပေမဲ့ လိုအပ်ရင် စစ်ပွဲအတွက် အဆင်သင့်ပဲလို့ ပူတင်ရဲ့ ပြောဆိုချက် အပေါ် “ ဒါဟာ ငြိမ်းချမ်းရေးကို အလေးအနက်မထားတဲ့ သမ္မတဆီကနေ ထွက်ပေါ်လာတဲ့ ခရင်မလင်ရဲ့ နောက်ထပ် ပေါတောတော စကားတွေပဲ ဖြစ်တယ်” ဗြိတိန်က ဒီဇင်ဘာ ၃ ရက်မှာ တုံ့ပြန်ပြောကြားလိုက်ကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ပြောရေးဆိုခွင့်ရှိသူက အခုလို ပြောကြားလိုက်တာ ဖြစ်ပြီး ဘရပ်ဆဲလ်မှာတော့ ယူကရိန်းနဲ့ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးဖို့ ဗြိတိန်အပါအဝင် နေတိုး နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေး ကျင်းပနေပါတယ်။

ရုရှားနိုင်ငံမြို့တော် မော်စကိုမှာတော့ အမေရိကန် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် ရုရှားသမ္မတ ပူတင်က ယူကရိန်းငြိမ်းချမ်းရေးအတွက် အမေရိကန်ရဲ့ အဆိုပြုချက်အားလုံးကို ပယ်ချခဲ့တယ်ဆိုတဲ့ ယူဆပြော ဆိုတာဟာ မှားယွင်းကြောင်း ခရင်မလင်က ပြောကြားလိုက်ပါတယ်။

ပူတင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov ကတော့ အမေရိကန်ရဲ့ အစီအစဉ်ထဲက တချို့ကို လက်ခံတယ်လို့ ပြောဆိုခဲ့ပေမဲ့ တခြားအပိုင်းတွေ ကိုတော့ “ လက်ခံနိုင်စရာမရှိ” ဘူးလို့ ပြောပါတယ်။




