တနင်္ဂနွေညမှာ ကစားမယ့် အင်တာမီလန်အသင်းနဲ့ မီလန်ဒါဘီပွဲအတွက် အေစီမီလန်အသင်း အဆင်သင့်ဖြစ်နေပြီ လို့ တောင်ပံကစားသမား လီယာအိုက ပြောလိုက်ပါတယ်။

နည်းပြ အယ်လီဂရီလက်ထက်မှာ အေစီမီလန်အသင်း က အတွေ့အကြုံ၊ ဟန်ချက်ညီမှုနဲ့ ဦးဆောင်နိုင်စွမ်းတွေ ပြည့်ဝလာခဲ့ပြီဖြစ်တယ်လို့လည်း လီယာအိုက ပြောသွား ပါတယ်။

အေစီမီလန်အသင်းဟာ အခုရာသီ စီးရီးအေပွဲစဉ် ၁၁ ပွဲကစားအပြီး ရမှတ် ၂၂ မှတ်နဲ့ အမှတ်ပေးဇယား ထိပ်က အင်တာမီလန်၊ ရိုးမားတို့နဲ့ ၂ မှတ်အကွာ တတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဘောလုံး ရာသီမှာ စိတ်ပျက်စရာအခြေအနေတွေနဲ့ ရင်ဆိုင်ရပြီးနောက် အေစီမီလန်အသင်း တာဝန်ရှိသူတွေဟာ နည်းပြ အယ်လီဂရီကို နည်းပြသစ်အဖြစ်ခန့်ခဲ့တာဖြစ်ပြီး အယ်လီဂရီက စုစည်းမှုပျက်နေတဲ့ အသင်းကို ညီညွတ်မှုရှိ အောင် လုပ်ပြနိုင်ခဲ့တာဖြစ်ပါတယ်။

မိုဒရစ်လို ဝါရင့်ကွင်းလယ်လူကို ခေါ်ယူပြီး ကွင်းအတွင်းမှာ အသင်းကို ဦးဆောင်ကစားစေခဲ့သလို နည်းပြ အယ်လီဂရီရဲ့ ကစားကွက်မှာ အေစီမီလန်အသင်းသားတွေ အံဝင်စွာကစားနိုင် တဲ့အတွက် အေစီမီလန်အသင်းက ပိုကောင်းလာတာဖြစ်တယ်လို့ လီယာအိုက သုံးသပ်ခဲ့ပါတယ်။
အယ်လီဂရီက သူ့ကို လွတ်လပ်စွာကစားစေသလို ဂိုးတွေပိုရဖို့အတွက်ကိုလည်း ပြင်ဆင်ပေးခဲ့တာကြောင့် သူ့ရဲ့ ကစားပုံက ပို ကောင်းလာတာဖြစ်တယ်လို့ လီယာအိုက ပြောသွားပါတယ်။




