ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန် ပလေးအော့ဖ် ဆီမီးဖိုင်နယ်မှာ အီတလီနဲ့ ဆုံတွေ့ရခြင်းက မျှော်လင့်ထားတဲ့ အရာဖြစ်သလို အံ့အားသင့်ဖွယ်ရလဒ် ရယူနိုင်မယ်ဆိုတာ ယုံကြည်တယ်လို့ မြောက်အိုင်ယာလန်အသင်းနည်းပြ အိုနေးလ်က ပြောလိုက်ပါတယ်။

ကြာသပတေးညက ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန် ပလေးအော့ဖ် ဆီမီး ဖိုင်နယ်နဲ့ ဖိုင်နယ်ပွဲတွေကို မဲခွဲခဲ့ရာမှာ ကမ္ဘာ့ဖလားချန်ပီယံ ၄ ကြိမ်ရထားတဲ့ အီတလီအသင်းက ဆီမီးဖိုင်နယ် ပွဲအဖြစ် မြောက်အိုင်ယာလန်ကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပါတယ်။

ဆီမီးပွဲစဉ်မှာ အနိုင်ရတဲ့ အသင်းက တစ်ဖက်ဆီမီးဖိုင်နယ်ပွဲဖြစ်တဲ့ ဝေးလ်နဲ့ ဘော့စနီးယားတို့ပွဲက အနိုင်ရတဲ့ အသင်းနဲ့ ဖိုင်နယ်ပွဲ ကစားရမှာဖြစ်ပြီး အနိုင်ရခဲ့ရင်တော့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ခွင့်ရမှာဖြစ်ပါတယ်။

အီတလီအသင်းဟာ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပလေးအော့ဖ်အဆင့်တွေမှာ ရှုံးနိမ့်ပြီး ပြိုင်ပွဲနဲ့လွဲချော်ထားတာဖြစ်လို့ လာမယ့်ပွဲစဉ် အတွက် ဖိအားတွေ အများအပြားရှိနေနိုင်တယ်လို့ မြောက်အိုင်ယာလန်အသင်းနည်းပြ အိုနေးလ်က သုံးသပ်ထားပါတယ်။

မြောက်အိုင်ယာလန်အသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အုပ်စုတတိယသာရခဲ့ပေမယ့် နေးရှင်းလိဂ်ပြိုင်ပွဲ ရလဒ်ကြောင့် ပလေးအော့ဖ်အဆင့်ကို ဝင်ပြိုင်ခွင့်ရခဲ့တာဖြစ်ပါတယ်။
ပလေးအော့ဖ်ဆီမီးဖိုင်နယ်ပွဲတွေကို ၂၀၂၆ မတ်လ ၂၆ ရက်နေ့မှာ ကစားမှာဖြစ်ပြီး ဗိုလ်လုပွဲကိုတော့ မတ်လ ၃၁ ရက်နေ့မှာ ကစားကြမှာဖြစ်ပါတယ်။




