တရုတ်(တိုင်ပေ)ကို ဒေါ်လာ သန်း ၇၀၀ နီးပါးတန်ကြေးရှိ ခေတ်မီ လေကြောင်းရန်ကာကွယ်ရေးစနစ်တစ်ခု ရောင်းချမယ်လို့ အမေရိကန်နိုင်ငံက အတည်ပြုလိုက်တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။

အာရှ-ပစိဖိတ်ဒေသမှာ သြစတြေးလျနဲ့ အင်ဒိုနီးရှားကသာ အဲဒီဒုံးခွင်းစနစ် ပိုင်ဆိုင်ထားပြီး ဒေါ်လာ ၂ ဘီလီယံ တန်ကြေးရှိ စစ်လက်နက်ရောင်းချမှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်(တိုင်ပေ)က အမေရိကန်ထုတ် ဒုံးခွင်း စနစ် ၃ ခု ရရှိမှာ ဖြစ်ပါတယ်။

NASAMS တာလတ် လေကြောင်းရန်ကာကွယ်ရေးစနစ်ကို RTX ကုမ္ပဏီက ထုတ်လုပ်ပြီး တရုတ်(တိုင်ပေ)အတွက် လက်နက်သစ် ဖြစ်လာမယ်လို့ ဆိုပါတယ်။ NASAMS ဒုံးခွင်းစနစ် ဝယ်ယူဖို့ RTX ကုမ္ပဏီကို ကန်ထရိုက် ပေးခဲ့ပြီး ၂၀၃၁ ခုနှစ်မှာ ပြီးစီးမယ်လို့ ခန့်မှန်းရကြောင်း ပင်တဂွန်က ပြောပါတယ်။

တရုတ်(တိုင်ပေ)ကို ဒေါ်လာ သန်း ၃၀၀ တန်ကြေးရှိ ဂျက်တိုက်လေယာဉ်နဲ့ အခြားလေယာဉ်အစိတ်အပိုင်းတွေ ရောင်းချဖို့ အမေရိကန်နိုင်ငံက နိုဝင်ဘာ ၁၃ ရက်မှာ အတည်ပြုခဲ့တာဖြစ်ပြီး တရုတ်(တိုင်ပေ) အရေးနဲ့ ပတ်သက် လို့ တရုတ်နဲ့ဂျပန်ကြား သံတမန်ဆက်ဆံရေး ဆိုးရွားလာချိန်မှာ သတင်းထွက်ပေါ်လာတာပါ။
“အကြောင်းအရာတွေကို ဖြေရှင်းရာမှာ အင်အားသုံးဖို့ တွေးခေါ်တာကို တရုတ်နိုင်ငံက စွန့်လွှတ်သင့်ပါတယ်” လို့ တရုတ်(တိုင်ပေ)ကာကွယ်ရေးဝန်ကြီး ဝယ်လင်တန်ကူက ပြောပါတယ်။




