မြန်မာနိုင်ငံက တောင်သူလယ်သမားတွေ ကြွေးမြီသံသရာကနေ လွတ်မြောက်ရေး အာမခံတယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ဗဟို)ဥက္ကဋ္ဌ ဦးခင်ရီက ပြောပါတယ်။နိုဝင်ဘာ ၁၉ ရက်က ရန်ကုန်မြို့၊ သုဝဏ္ဏ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)မှာ ကျင်းပတဲ့ မဲဆန္ဒရှင် ပြည်သူတွေ ကို ရွေးကောက်ပွဲကြေညာစာတမ်း ရှင်းလင်းရာမှာ အခုလို ထည့်သွင်း ပြောကြားခဲ့တာပါ။

တောင်သူလယ်သမားတွေ စိုက်ပျိုးပြီး ထွက်ရှိလာတဲ့ စပါးတွေကို သိုလှောင်ရာမှာ နေရာလုံလောက်မှု မရှိတဲ့ အတွက် သိုလှောင်ရုံတွေ များများတည်ဆောက်နိုင်ဖို့ ဆောင်ရွက်သွားရမယ်လို့ ဆိုပါတယ်။လာမဲ့ ရွေးကောက်ပွဲဟာ နိုင်ငံရဲ့အရွေ့တစ်ခုကို ကျိန်းသေ ဖော်ဆောင်သွားမှာဖြစ်ပြီး တိုင်းသူပြည်သားတွေ အတွက် ရွှေရောင်လွှမ်းတဲ့ ဘဝတစ်ခုကို တစ်ရစ်ချင်း၊ တစ်ဆင့်ချင်း တွန်းပို့တဲ့ အရာတစ်ခု ဖြစ်တယ်လို့လည်း ဦးခင်ရီက ပြောပါတယ်။ ရွေးကောက်ပွဲ ကြေညာစာတမ်း ရှင်းလင်းဆွေးနွေးပွဲမှာ ရန်ကုန်တိုင်းဒေသကြီးမှာ ပြည်ခိုင်ဖြိုးပါတီကနေ ဝင် ရောက်ယှဉ်ပြိုင်မဲ့ မြို့နယ်အသီးသီးက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ပါတီ အောင်နိုင် ရေး အလံပေးအပ်ခဲ့ပါတယ်။ပြည်ခိုင်ဖြိုးပါတီရဲ့ ရွေးကောက်ပွဲကြေညာစာတမ်း ရှင်းလင်းဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် အသီးသီးက လွှတ်တော်ကိုယ်စား လှယ်လောင်းတွေ၊ ပါတီဝင်တွေ၊ အနုပညာရှင်တွေ စုစုပေါင်း အင်အား သောင်းချီ တက်ရောက်ခဲ့ကြပါတယ်။ လာမဲ့အထွေထွေရွေး ကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း အယောက် (၁၀၀၀)ကျော်နဲ့ အများဆုံး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ သိရပါတယ်။




