ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်ပြီး တားမြစ်ဓာတုပစ္စည်းတွေ ပါဝင်တယ်လို့ဆိုတဲ့ အလှကုန်ပစ္စည်း၄၈ မျိုးကို ပြည်သူတွေသုံးစွဲဖို့မသင့်ကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ဩဂုတ်လ ၄ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
အခုတားမြစ်လိုက်တဲ့ အလှကုန်ပစ္စည်း ၄၈ မျိုးဟာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှာ မှတ်ပုံတင်ထားတာလည်းမရှိဘူးလို့သိရပါတယ်။ အဲဒီအလှကုန်တွေဟာ အာဆီယံဒေသတွင်းနိုင်ငံတွေရဲ့ Post-Marketing Alert System(PMAS) Report အစီအစဉ်အရ အာဆီယံဒေသတွင်းတွေ့ရှိရတဲ့ တားမြစ်ဓာတုပစ္စည်းတွေပါဝင်နေတယ်လို့ဆိုပါတယ်။
အဲဒီတားမြစ်ဓာတုပစ္စည်းတွေဟာ အရေပြားယားယံတာ၊ ရောင်ရမ်းတာ၊ အဖြူအနီကွက်တွေဖြစ်တာ၊ အရေပြားကတစ်ဆင့် ခန္ဓာကိုယ်အတွင်းကို စုပ်ယူပြီး ထုံကျင်တာ၊ ကြွက်သားတုန်ခါတာ၊ ပင်ပန်းနွမ်းနယ်တာ၊ ခေါင်းကိုက်တာနဲ့ စိတ်ကျရောဂါတွေအပြင် ရေရှည်သုံးစွဲရင် ကျောက်ကပ်ပျက်စီးတာနဲ့ တခြားရောဂါတွေပါ ဖြစ်ပွားစေနိုင်တယ်လို့သိရပါတယ်။