ရှားပါးရေချိုလိပ်မျိုးစိတ်တစ်မျိုးဖြစ်တဲ့ စင်းကျားလိပ်ကို ပြီးခဲ့တဲ့ အောက်တိုဘာ၂၈ရက်က စလေမြို့နယ်၊ လက်ပန်ကျွန်း(ဇီးခုံ)ကျေးရွာမှာ ပြန်လည်တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာတောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များအဖွဲ့(မြန်မာ) -FFIကနေ သိရပါတယ်။

စင်းကျားလိပ်ကို နေရာဒေသအလိုက် ရှမ်းကြီးလက်မောင်းလိပ်၊ စင်းကျားလိပ်၊ ခေါင်းသေးလိပ်၊ လိပ်ဖရဲစသဖြင့် ခေါ်ကြတယ်လို့ ဆိုပါတယ်။စင်းကျားလိပ်ဟာ ပေါ်တူဂီမျိုးရင်းဖြစ်ပြီး မြန်မာနိုင်ငံကို ၁၉၉၄ခုနှစ်ဝန်းကျင်က ရောက်ရှိလာတာဖြစ်တယ်လို့လည်း လိပ်ပညာရှင်တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။
စင်းကျားလိပ်ကို ၂၀၀၁ခုနှစ်က တစ်ကြိမ်၊ ၂၀၀၆ခုနှစ်က တစ်ကြိမ် တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ပြီးနောက်ပိုင်း မှတ်တမ်းတင်နိုင်ခြင်းမရှိခဲ့ဘဲ အခု၂၀၂၅ခုနှစ်မှာမှ ပြန်လည်တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။စင်းကျားလိပ်မျိုးစိတ်ကို နိုင်ငံတကာသဘာဝထိန်းသိမ်းစောင့်ရှောက်ရေးအသင်း (IUCN)ရဲ့ Red Listမှာ ထည့်သွင်းထားပြီး မျိုးသုဉ်းဖို့အလွန်နီးစပ်နေတဲ့အဆင့်အဖြစ် သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။




