ရန်ကုန် နဲ့ မန္တလေးမြို့တွေမှာ အွန်လိုင်းဘောလုံးလောင်းကစား လုပ်ကိုင်နေသူ ၂၇ ယောက်ကို ဖော်ထုတ်ဖမ်းဆီး အရေး ယူခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲရပ်ကွက်၊ အမှတ် (၁၈၈) ရှိ Secret Villa Private Resort မှာ Ibet 789 Online ဘောလုံးလောင်းကစား Website လုပ်ငန်းလုပ်ကိုင်နေသူတွေ ရောက်ရှိနေ ကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေရာ Super Senior Agent ဖြစ်သူ ယဉ်မင်းလှိုင် နဲ့ မာရီယာ (ခေါ်) မီးလေး၊ Senior Agent ဖြစ်သူ ဝင်းပပအောင် တို့ အပါအဝင် ၁၄ ယောက် ကို လက်ကိုင်ဖုန်း ၂၃ လုံး၊ မော်တော်ယာဉ် ၃ စီးနဲ့ ဖမ်းမိ ခဲ့ပါတယ်။
အဲဒီနောက် အောက်တိုဘာ ၁၅ ရက်မှာ ရန်ကင်းမြို့နယ်၊ ကျောက်ကုန်းရပ်ကွက်၊ ရတနာလမ်းရှိ The Lord စား သောက်ဆိုင်အနီး Super Senior Agent ဖြစ်သူ ဖြိုးမင်းသူ (ခေါ်) ရောင်နီ အပါအဝင် သုံးယောက်ကို လက်ကိုင်ဖုန်း ၅ လုံး၊ မော်တော်ယာဉ် ၃ စီးနဲ့အတူ ထပ်မံ ဖော်ထုတ်ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဖမ်းမိသူတွေရဲ့ ထွက်ဆိုချက်အရ အောက်တိုဘာ ၁၆ ရက်မှာ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁၁) ၊ ခေမာလမ်းရှိ နေအိမ်တစ်အိမ်မှာလည်း Ibet 789 Online ဘောလုံးလောင်းကစား လုပ်ဖို့ စည်းရုံးသိမ်းသွင်းခဲ့တဲ့ Super Senior Agent ဖြစ်သူ ဇင်မင်းအောင် (ခေါ်) ဇင်ကြီး အပါအဝင် ၃ ယောက်ကို လက်ကိုင်ဖုန်း ၇ လုံး၊ လက်ပ်တော့ ၁ လုံး၊ မော်တော်ယာဉ် တစ်စီးတို့နဲ့ အတူ ဖမ်းမိခဲ့ပြီး မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင် ရပ်ကွက်၊ လမ်း ၄၀၊ ၅၃ လမ်း နဲ့ ၅၄ လမ်းကြားရှိ Focus ဟိုတယ်မှာ Super Senior Agent ဖြစ်သူ ပြည့်ဖြိုးအောင် (ခေါ်) မင်းထက်၊ Agent ဖြစ်သူ မေမြတ် နိုး တို့ကို လက်ကိုင်ဖုန်း ၅ လုံး၊ လက်ပ်တော့ တစ်လုံး၊ မော်တော်ယာဉ် တစ်စီးနဲ့အတူ ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ္။
ဆက်လက်ပြီး အောက်တိုဘာ ၂၀ ရက်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ၁၂ ရပ်ကွက်၊ Eleven Minimart ရှေ့မှာ ခင်မောင်ဖြိုး (ခေါ်) ဇော်ဝင်း အပါအဝင် ငါးယောက်ကိုလည်း လက်ကိုင်ဖုန်း ၉ လုံး၊ Tablet ၂ လုံးနဲ့အတူ ထပ်မံဖော်ထုတ် ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဖမ်းမိသူတွေကို စိစစ်ဖော်ထုတ်ချက်အရ Ibet 789 Online ဘောလုံးလောင်းကစား Website အပါအဝင် Slot လောင်းကစား၊ Shan 234 ဖဲလောင်းကစား၊ 2D/3D လောင်းကစား Website စတဲ့ လောင်းကစားလုပ်ငန်းတွေမှာ ကော် မရှင်စား Agent တွေ အဖြစ် လုပ်ကိုင်ခွင့် ရဖို့ လျှောက်ထားပြီးတော့ သက်ဆိုင်ရာ လောင်းကစား ကြော်ငြာပုံတွေကို ကြော်ငြာပေးရကြောင်း၊ Agent လုပ်ကိုင်စဉ် User တွေ ပိုမိုရှာဖွေနိုင်ပါက Senior Agent အဖြစ် ပြောင်းလဲ လုပ်ကိုင်နိုင် ကြောင်း၊ Senior Agent လုပ်ကိုင်နေစဉ် ကော်မရှင် Agent တွေနဲ့ User တွေ ပိုမိုရှာဖွေနိုင်မယ်ဆိုရင် Super Senior Agent အဖြစ် ပြောင်းလဲလုပ်ကိုင်နိုင်ကြောင်း စိစစ်သိရတယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ဖြစ်စဉ်မှာတော့ အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ကိုင်သူ အမျိုးသား ၁၇ ယောက်၊ အမျိုးသမီး ၁၀ ယောက် စုစုပေါင်း ၂၇ ယောက်ကို ဖမ်းမိခဲ့ပြီး သူတို့နဲ့အတူ လက်ကိုင်ဖုန်း ၄၉ လုံး၊ လက်ပ်တော့ ၂ လုံး၊ Tablet ၂ လုံး၊ မော်တော် ယာဉ် ၈ စီးတို့နဲ့အတူ သိမ်းဆည်းရမိခဲ့ကာ ကျူးလွန်သူတွေကို ထိရောက်စွာ အမှုဖွင့်လှစ် အရေးယူနိုင်ရေး ဆောင်ရွက် နေတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် မိဘပြည်သူတွေအနေနဲ့လည်း အွန်လိုင်းလောင်းကစားလုပ်ငန်း ပြုလုပ်နေသူတွေကို သိရှိပါက သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်းတွေထံ လျှို့ဝှက်စွာ သတင်းပေးပို့ဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။




