ရုရှားရဲ့ နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေ ဖြန့်ကြက်လေ့ကျင့်ဖို့အတွက် တတိယအဆင့် စစ်ရေး လေ့ကျင့်မှုကို စတင်လိုက်ပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၃၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ရုရှား ဖက်ဒရေးရှင်းသမ္မတရဲ့ ဆုံးဖြတ်ချက်နဲ့အညီ မဟာဗျူဟာမြောက်မဟုတ်တဲ့ နျူကလီးယားတပ်ဖွဲ့ လေ့ကျင့်ရေး တတိယအဆင့်ကို စတင်လိုက်ပြီလို့ Telegram app ကတစ်ဆင့် ထုတ်ပြန်ခဲ့တာပါ။
တောင်ပိုင်းနဲ့ အလယ်ပိုင်းရှိ စစ်ဘက်ခရိုင်တွေက စစ်သည်တွေဟာ ပုံတူထိပ်ဖူးတွေ တပ်ဆင်ထားတဲ့ Iskander-M(အစ်ကန်ဒါ-အမ်) အမျိုးအစား စစ်မြေပြင်သုံး နည်းဗျူဟာမြောက် ဒုံးကျည်စနစ်တွေ ဖြန့်ကြက်ပုံနဲ့ ပစ်လွှတ်ရာနေရာတွေဆီ လျှို့ဝှက် ရွှေ့ပြောင်းပုံတွေ လေ့ကျင့်ကြမယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

လက်ရှိ စစ်ရေးလေ့ကျင့်မှု အဆင့်ဟာ တိုက်ခိုက်ရေးတာဝန်တွေ ဆောင်ရွက်ဖို့ ရုရှားရဲ့ မဟာဗျူဟာမြောက်မဟုတ်တဲ့ နျူကလီးယား လက်နက်တွေ အသုံးပြုပြီး တိုက်ခိုက်ရေးတပ်ဖွဲ့တွေနဲ့ ပစ္စည်းကိရိယာတွေ အဆင်သင့်ထားရှိဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
ရုရှားဟာ မေလမှာ နည်းဗျူဟာနျူလက်နက် စစ်ရေးလေ့ကျင့်မှု ပထမအဆင့်ကို ကျင်းပခဲ့ပြီး ဇွန်လ က ဒုတိယဆင့်လေ့ကျင့်မှုမှာတော့ မဟာမိတ် ဘီလာရုစ် ပါဝင်ခဲ့ပါတယ်။
အမေရိကန်နဲ့ သူ့ရဲ့ဥရောပမဟာမိတ်တွေဟာ ရုရှားပိုင်နက်ကို တိုက်ခိုက်ဖို့ ယူကရိန်းကအသုံးပြုနေတဲ့ ဒေါ်လာ ဘီလီယံချီ တန်ဖိုးရှိလက်နက်တွေ ပေးအပ်တာနဲ့ ကမ္ဘာကို နျူကလီးယားထိပ်တိုက်တွေ့မှုဖြစ်အောင် တွန်းအားပေးနေတယ်လို့ ရုရှားက ပြောဆိုထား ပါတယ်။