ပြီးခဲ့တဲ့ စက်တင်ဘာလက ရန်ကုန်စတော့အိတ်ချိန်း Main Board မှာ စတော့ရှယ်ယာ အရောင်းအဝယ် တန်ဖိုး ဟာ ကျပ် ၈၆၇ သန်းကျော် ရှိခဲ့တယ်လို့ ရန်ကုန် စတော့အိတ်ချိန်းရဲ့စာရင်းအချက်အလက်တွေအရ သိရပါတယ်။စက်တင်ဘာလထဲမှာ သာမန်အရောင်းအဝယ်ပြုလုပ်တဲ့ စနစ်အပါအဝင် စတော့အရေအတွက်အများအပြား အရောင်းအဝယ်ဖြစ်တဲ့ Block Trading စနစ်နဲ့ အရောင်းအဝယ် ဖြစ်မြောက်တဲ့ စတော့ရှယ်ယာ စောင်ရေ စုစု ပေါင်းဟာ ၃ သိန်း ၂ သောင်းကျော် ရှိခဲ့ပြီး အရောင်းအဝယ်တန်ဖိုးငွေအနေနဲ့ ကျပ် ၈၆၇ သန်း ကျော် ရှိခဲ့တာပါ။

ပြီးခဲ့တဲ့ ဩဂုတ်လက Main Board မှာ စတော့ရှယ်ယာ အရောင်းအဝယ် တန်ဖိုးက ကျပ် ၇၉၈ သန်း ကျော်သာ ရှိခဲ့တာကြောင့် ဩဂုတ်လနဲ့ နှိင်းယှဉ်ရင် စက်တင်ဘာလအတွင်း Main Board မှာ စတော့ရှယ်ယာ အရောင်း အဝယ်တန်ဖိုး ကျပ် ၆၈ သန်း ကျော် ပိုလာတာကို တွေ့ရပါတယ်။ရန်ကုန်စတော့အိတ်ချိန်း Main Board အပြင် ဒုတိယဈေးကွက်ဖြစ်တဲ့ Pre Listing Board မှာလည်း စတော့ ရှယ်ယာစောင်ရေ ၅၄၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး တန်ဖိုးအနေနဲ့ ကျပ် ၁၄ သန်းကျော် ရှိပါတယ်။

လက်ရှိ ရန်ကုန်စတော့အိတ်ချိန်း Main Board မှာ အများပိုင် ကုမ္ပဏီ ၈ ခုနဲ့ နေ့စဉ်အစုရှယ်ယာ အရောင်းအဝယ် ဆောင်ရွက်နေပြီး Pre-Listing Board မှာတော့ လယ်ယာစိုက်ပျိုးရေးကို အခြေခံတဲ့ ကုမ္ပဏီတစ်ခုနဲ့ အရောင်း အဝယ် ဆောင်ရွက်နေပါတယ်။ရန်ကုန်စတော့အိတ်ချိန်း ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံသူတွေ ပိုမိုစိတ်ဝင်စားဖို့ နဲ့ တိုးလာဖို့အတွက် စာရင်းဝင် ကုမ္ပဏီတွေအနေနဲ့ ဘဏ္ဍာရေး ကောင်းမွန်ဖို့ လိုအပ်သလို အနာဂတ် အလားအလာ ကုမ္ပဏီရဲ့ စွမ်းဆောင်ရည် တွေကို ရင်းနှီးမြှုပ်နှံသူတွေ သိအောင် အမြဲဖော်ပြပေးနေဖို့လည်း လိုအပ်တယ်လို့ စတော့ဈေးကွက် ကျွမ်းကျင် သူတွေက သုံးသပ်ထားကြပါတယ်။




