ဂျာမနီနိုင်ငံအနောက်ပိုင်းမှာ မြို့တော်ဝန် ရာထူးယူထားတာမကြာသေးတဲ့ အမျိုးသမီးဟာ နေအိမ်အနီးအနားမှာ ဓားထိုးခံရပြီးနောက် အသက်အန္တရာယ်စိုးရိမ်ရတဲ့ဒဏ်ရာ ရထားတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ဓားထိုးခံရတဲ့မြို့တော်ဝန်ဟာ အသက် ၅၇ နှစ်အရွယ် အိုင်းရစ် စတယ်လ်ဇာဆိုသူဖြစ်ပြီး ဗဟိုလက်ဝဲ ဆိုရှယ် ဒီမိုကရက်ပါတီ(SPD)က ဖြစ်ပါတယ်။ သူဟာ ဂျာမနီနိုင်ငံ၊ မြောက်ပိုင်းရိုင်း ဝတ်စ်ဖီလီယာပြည်နယ်ထဲက ဟာဒတ်ကဲမြို့တော်ဝန်ရာထူးကို စက်တင်ဘာတုန်းကမှ ရယူထားတာ ဖြစ်ပါတယ်။အခုတော့ သူ့ကို မြို့တွင်းမှာပဲ ခွဲစိတ်ကုသမှု ပြုလုပ်ပေးနေတယ်လို့ ဒေသန္တရ ရဲတပ်ဖွဲ့က ပြောပါတယ်။ စုံစမ်း စစ်ဆေးသူတွေကတော့ ထောင့်ပေါင်းစုံကနေ စုံစမ်းတာတွေလုပ်နေပြီလို့ ပြောပါတယ်။

ဂျာမနီ အဓိပတိ ဖက်ဒရစ် မာ့ဇ်ကတော့ ဒါဟာ စက်ဆုပ်ဖွယ်လုပ်ရပ်ဖြစ်ပြီး မြို့တော်ဝန်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်သလို အမြန်ပြန်လည်နေကောင်းလာဖို့လည်း မျှော်လင့်တဲ့အကြောင်း ပြောပါတယ်။မြို့တော်ဝန်ရဲ့ မိခင်ရင်းပါတီ SPD ကတော့ အခုဖြစ်ရပ်ကြောင့် ပါတီဝင်တွေအားလုံးလည်း မယုံနိုင်အောင် ဖြစ်နေ ကြရတယ်လို့ ပြောပါတယ်။




