ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ စိုက်ပျိုးရေးကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံး ဝင်ရောက်ထားတယ်လို့ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီကနေ သိရပါတယ်။

ရှမ်းပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ သတ္တုတူးဖော်ရေးကဏ္ဍ၊ ဟိုတယ်နဲ့ခရီး သွားလာရေးကဏ္ဍနဲ့ ဝန်ဆောင်မှုကဏ္ဍတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေနဲ့ ရှမ်းပြည်နယ်ရဲ့ ဟိုတယ်နဲ့ခရီးသွားလာရေးကဏ္ဍမှာ အများဆုံးရင်းနှီးမြှုပ် နှံမှုရှိပြီး ဒုတိယကတော့ စက်မှုကဏ္ဍမှာ ရင်းနှီးမြှုပ်နှံထားတယ်လို့ သိရပါတယ်။ရှမ်းပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ ဟိုတယ်နဲ့ခရီးသွားလာရေးကဏ္ဍ၊ ပို့ဆောင်ဆက်သွယ် ရေးကဏ္ဍနဲ့ သတ္တုတူးဖော်ရေးကဏ္ဍတွေမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံကြဖို့ကိုလည်း ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီက ဖိတ်ခေါ်ထားပါတယ်။ရှမ်းပြည်နယ်အတွင်းမှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုထားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၃ ခုနဲ့ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈၈ ခုရှိပါတယ်။

အဲဒီအပြင် ရှမ်းပြည်နယ်ရင်းနှီးမြှုပ် နှံမှုကော်မတီက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈ ခု နဲ့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၈ ခု ခွင့်ပြုထားပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုပမာဏက အမေရိကန်ဒေါ်လာ ၂၅ သန်းကျော် နဲ့ ကျပ် သန်း ၄၆၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။အဲဒီရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကနေ ပြည်တွင်းလုပ်သားဦးရေ ၁၆၀၀၀ ကျော်ကို အလုပ်အကိုင် နေရာတွေ ဖန်တီးပေးနိုင်ခဲ့ပြီး ပြည်ပလုပ်သားဦးရေ ၆၀၀ ကျော်အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီး ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်အတွင်း အသင့်အတင့်ဖွံ့ဖြိုးပြီးဇုန် အဖြစ် သတ်မှတ်ထားတဲ့ မြို့နယ်တွေမှာ ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်း တွေအတွက် ဝင်ငွေခွန်ကင်းလွတ်ခွင့် ၅ နှစ် ခွင့်ပြုပေးထားပြီး ဖွံ့ဖြိုးမှုနည်းတဲ့ဇုန်အဖြစ် သတ်မှတ်ထားတဲ့ မြို့နယ် တွေမှာ ရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်းတွေအတွက် ဝင်ငွေခွန် ကင်းလွတ်ခွင့် ၇ နှစ် ခွင့်ပြုပေးထားပါတယ်။




