ရန်ကုန်တိုင်းဒေသကြီးအတွင်း စားအုန်းဆီတွေကို အိမ်အရောက်ဖြန့်ဖြူးရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက ဇူလိုင် ၃၀ ရက်က ကြေညာချက်ထုတ်ပြန်ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်မှာ စားအုန်းဆီတင်သွင်းတဲ့ ကုမ္ပဏီတွေက လက်လီ/လက်ကား အရောင်း ဆိုင်တွေကတစ်ဆင့် လုပ်သားပြည်သူတွေကို နေ့စဉ်၊ လစဉ် စားအုန်းဆီတွေ ဖြန့်ဖြူးပေးနေတယ်လို့ ဆိုပါတယ်။
အဲဒီလို ဖြန့်ဖြူးနေပေမယ့် အရောင်းဆိုင်တွေကို သွားရောက်ဝယ်ယူဖို့ အခက်အခဲရှိတဲ့ အိမ်ထောင်စုတွေအနေနဲ့ စားအုန်းဆီတွေကို မိသားစုတစ်စု တစ်လစာဝယ်ယူနိုင်ဖို့ လျင်မြန်လွယ်ကူစွာနဲ့ အိမ်အရောက်ဝယ်ယူနိုင်စေဖို့ ရည်ရွယ်ပြီး အိမ်ထောင်စုတစ်စုကို တစ်လအတွက် တစ်ကြိမ် နှစ်ပိဿာနှုန်းနဲ့ ဝယ်ယူနိုင်ရေးအတွက် အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချဖို့ စီစဉ်ဆောင်ရွက်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ အိမ်အရောက် ရောင်းချပေးမယ့် အစီအစဉ်ကိုတော့ ဇူလိုင် ၃၁ ရက်ကစပြီး မနက် ၉ နာရီကနေ ညနေ ၃ နာရီခွဲအတွင်း တနင်္လာနေ့ကနေ စနေနေ့ အထိ Call Center ဖုန်းနံပါတ် ၀၁-၂၃၉၉၂၂၂ ကို မှာကြားနိုင်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ရောင်းချပေးမယ့် ဈေးနှုန်းအနေနဲ့ တနင်္လာနေ့တိုင်း သတင်းစာတွေမှာ ထုတ်ပြန်တဲ့ လက်ကားရည်ညွှန်းဈေးကိုအခြေခံပြီး အကျိုးအမြတ် ထည့်သွင်းထားခြင်းမရှိဘဲ ဘူးခွံဖိုးနဲ့ ဘူးသွတ်ခကို ထည့်သွင်းတွက်ချက်ထားတဲ့ ဈေးနှုန်းနဲ့ ရောင်းချသွားမှာဖြစ်တယ်လို့ဆိုပါတယ်။
Delivery ခကို မှာကြားတဲ့ ဝယ်သူဘက်မှ ပေးချေရမှာဖြစ်ပြီး ပစ္စည်းရောက်ငွေချေစနစ်နဲ့သာ ရောင်းချသွားမှာဖြစ်သလို မှာကြားရက်နဲ့ ပစ္စည်းရောက်မယ့်ရက်ဟာ သုံးရက်ခန့် ကွာခြားနိုင်တယ်လို့လည်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။