လာမယ့် အထွေထွေရွေးကောက်ပွဲကို လေ့လာလိုတဲ့ ပြည်တွင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာလိုသူတွေ အနေနဲ့ စက်တင်ဘာ ၁၆ ရက်ကစပြီး လျှောက်ထားနိုင်ပြီဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အသိပေးကြေညာပါတယ်။ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ လေ့လာလိုတဲ့ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်အလိုက် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေမှာ ရွေးကောက် ပွဲစောင့် ကြည့်လေ့လာခွင့်ကို စက်တင်ဘာ ၁၆ ရက်ကနေ လာမယ့် ဒီဇင်ဘာ ၅ ရက်အထိ လျှောက်ထားနိုင် တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရာမှာ ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေ လိုက်နာရမယ့် ကျင့်ဝတ်နဲ့ လုပ်ငန်းစဉ်တွေကို အမိန့်ကြော်ငြာစာတွေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေ ညာခဲ့ပြီး ဖြစ်ပါတယ်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ သက်ဆိုင်ရာ နိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ကိုယ်စား လှယ်တွေကိုတော့ တိုက်ရိုက်ဖိတ်ကြားစာ ပေးပို့တာ၊ သံတမန်ဆက်သွယ်မှု ရှိတဲ့ နိုင်ငံခြားသံရုံးတွေ၊ ကောင်စစ် ဝန်ရုံးတွေနဲ့ အမြဲတမ်းကိုယ်စားလှယ်ရုံးတွေက ကိုယ်စားလှယ်တွေကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနကတစ်ဆင့် ဖိတ်ကြားပြီးတော့ နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူတွေအဖြစ် စောင့်ကြည့်လေ့လာခွင့် ပြုသွား မှာဖြစ်တယ်လို့ အသိပေး ကြေညာထားပါတယ်။

လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာတော့ လွှတ်တော်သုံးရပ်အတွက် စုစုပေါင်း မဲဆန္ဒနယ် (၇၁၂)နယ်မှာ ရွေးကောက်ပွဲတွေ ကျင်းပမှာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။ ဒါ့အပြင် အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲစာရင်းကို လာမယ့် စက်တင်ဘာလကုန်မှာ ကပ်ထား ကြေညာမှာ ဖြစ်တယ်လို့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောထားပါ တယ်။လက်ရှိမှာတော့ ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့် ပြုထားတဲ့ တည်ဆဲနိုင်ငံရေးပါတီမှာ ပြည်ထောင်စုတစ်ဝန်လုံး စည်းရုံးမယ့် ပါတီ ၆ ပါတီနဲ့ တိုင်း/ပြည်နယ် တစ်ခုမှာသာ စည်းရုံးမယ့် ပါတီ ၅၁ ပါတီ ရှိတယ်လို့ သိရပါတယ်။




