ပြည်တွင်းရဲ့ စားသုံးဆီကြိတ်ခွဲထုတ်လုပ်တဲ့လုပ်ငန်းတွေမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံဖို့ ဦးစားပေး ဖိတ်ခေါ်နေ တယ်လို့ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝါဝါမောင် က ပြောပါတယ်။စက်တင်ဘာ ၁၄ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းရဲ့ ဆဋ္ဌမအကြိမ် အသင်းသားစုံညီ နှစ်ပတ်လည်အစည်းအဝေးမှာ အခုလို ပြောကြားခဲ့တာပါ။

ဆီထွက်သီးနှံတွေ ကြိတ်ခွဲထုတ်လုပ်တဲ့လုပ်ငန်းတွေကို ဦးစားပေး ဖိတ်ခေါ်ထားသလို ဆီထွက်သီးနှံ စိုက်ပျိုး ထုတ် လုပ်မှုကိုလည်း တွန်းအားပေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။စားသုံးဆီကြိတ်ခွဲထုတ်လုပ်တဲ့လုပ်ငန်းတွေမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံဖို့ အတွက် အဆိုပြုလွှာတွေ တင်ပြလာရင် အမြန်ဆုံး လည်ပတ်နိုင်အောင် ဆောင်ရွက်ပေးသွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝါဝါမောင်က ပြောပါတယ်။ပြည်တွင်းဆီ ထုတ်လုပ်မှုတိုးတက်ပြီး ပြည်ပသွင်းကုန် လျှော့ချနိုင်ဖို့အတွက် ဆီကြိတ်ခွဲထုတ်လုပ်သူတွေ ၊ စိုက် ပျိုးထုတ်လုပ်သူ အပါအဝင် စားသုံးဆီ နဲ့ ဆက်နွှယ်နေတဲ့ အသင်းအဖွဲ့တွေ ပူးပေါင်းညှိနှိုင်းပြီး မြန်မာနိုင်ငံ ဆီ အသင်းချုပ် ဖြစ်ပေါ်လာဖို့ ဆန္ဒပြုတယ်လို့ ပြည်ထောင်စုဝန်ကြီးက ဆက်ပြောပါတယ်။လက်ရှိမှာ ဆီထွက်သီးနှံကြိတ်ခွဲထုတ်လုပ်တဲ့ ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်းတွေအတွက် ဝင်ငွေခွန်ကို ၃ နှစ် ကနေ ၇ နှစ်အထိ ကင်းလွတ်ခွင့်ပြုထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှာ စားသုံးဆီ ထုတ်လုပ်တဲ့လုပ်ငန်းမှာ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု ၉ ခု နဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ၆ ခု လျှောက်ထားတာရှိတယ်လို့ သိရပါတယ်။ပြည်တွင်းမှာ စားသုံးဆီ ကြိတ်ခွဲထုတ်လုပ်မှု တိုးမြင့်လာတာနဲ့အမျှ ပြည်ပကနေ တင်သွင်းမှု လျှော့ချနိုင်မှာဖြစ်လို့ မူဝါဒ နဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အကူအညီတွေ စနစ်တကျပံ့ပိုးကူညီပေးဖို့ ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။မြန်မာနိုင်ငံအနေနဲ့ ဆီစားသုံးမှု များပြားပြီး ပြည်တွင်း ထုတ်လုပ်မှု နဲ့ မလုံလောက်လို့ ပြည်ပကနေ စားသုံးဆီ တစ်နှစ်ကို တန်ချိန် ၆ သိန်း ကျော် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုးလောက် တင်သွင်းနေ ရတယ်လို့ သိရပါတယ်။




