အစ္စရေးဟာ ကာတာနိုင်ငံရဲ့ မြို့တော်ဒိုဟာမှာရှိနေတဲ့ ဟားမာ့စ် ခေါင်းဆောင်ပိုင်းတွေနဲ့ အရာရှိတွေကို ပစ်မှတ်ထားပြီး စက်တင်ဘာ ၉ ရက်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ Reuters သတင်းမှာ ပါရှိပါ တယ်။အစ္စရေး စစ်တပ်က အဲဒီတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကို အတည်ပြုခဲ့ပြီး ဟားမာ့စ်ခေါင်းဆောင်တွေ ရှိနေတဲ့ အဆောက်အအုံတွေကို ပစ်မှတ်ထားခဲ့တာလို့ ပြောပါတယ်။

ဒါပေမဲ့ ဘယ်အဆောက်အအုံတွေကို တိုက်ခိုက်ခဲ့တာ လဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ကာတာဟာ အစ္စရေးနဲ့ ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ဟားမားစ်တို့ကြား အပစ်အခတ် ရပ်စဲရေးဆွေးနွေးမှုတွေ အထမြောက်အောင် အဓိက ကြားဝင်စေ့စပ်ပေးနေတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ အစ္စရေးက ဟားမာ့စ်တွေအနေနဲ့ လက်နက်ချ အညံ့ခံမလား၊ အပြီးတိုင် ချေမှုန်းသုတ်သင်ခံရမယ့် ကံကြမ္မာဆိုးကို ရင်ဆိုင်မလားလို့ ရာဇသံပေးခဲ့ ပြီး ၂ ရက်အတွင်းမှာ အခုတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာပါ။အစ္စရေးဟာ ဟားမာ့စ် နိုင်ငံရေးဗျူရို အဖွဲ့ဝင်တချို့ ရှိနေတဲ့ အဆောက်အအုံတွေကို တိုက်ခိုက်ခဲ့တာလို့ ကာတာ အစိုးရက ပြောပါတယ်။ ဟားမာ့စ် အရာရှိတစ်ယောက်ကတော့ ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးနဲ့ ဟားမာ့စ် ကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့ ဒိုဟာကို ရောက်နေတဲ့ ညှိနှိုင်းရေးအဖွဲ့ကို အစ္စရေးက ပစ်မှတ်ထားခဲ့တာ လို့ ပြောပါတယ်။

ကာတာ နိုင်ငံခြားရေးဝန်ကြီးဌာနက အစ္စရေးရဲ့တိုက်ခိုက်မှုဟာ နိုင်ငံတကာ စည်းမျဉ်းဥပဒေတွေကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်မှုလို့ စွပ်စွဲခဲ့ပြီး အခုလို အဆင်ခြင်မဲ့တဲ့ လုပ်ရပ်မျိုးကို ကာတာဘက်က သည်းခံနေမှာ မဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။ အစ္စရေးစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးပိုင်နက်ထဲ ဟားမာ့စ် တပ်ဖွဲ့တွေဟာ အလစ်အငိုက်ကျူးကျော်ပြီး လူပေါင်း ၁၂၀၀ ကျော်ကို သတ်ဖြတ်ကာ ၂၅၀ လောက်ကို ဓားစာခံ အဖြစ် ဖမ်းဆီးသွားခဲ့တဲ့ လုပ်ရပ်မှာ အဓိကတာဝန်ရှိသူတွေကို ဦးတည်တဲ့ တိတိကျကျ ချေမှုန်းတိုက်ခိုက်မှု တစ်ခုကို လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။




