မန္တလေး ငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့တဲ့ Sky Villa အဆောက်အဦ ဖယ်ရှားရှင်းလင်းပြီးပါက တိုက်ခန်းတွေကို တိုက်ခန်း ပိုင်ရှင် နဲ့ ဆောက်လုပ်ခဲ့တဲ့ ကုမ္ပဏီတို့ ပူးပေါင်ပြီး အသစ်ပြန်လည်တည်ဆောက် ပေးသွားမယ်လို့ Sky Villa Condo Operation Manager ဦးလင်းလင်း ထွန်းက ပြောပါတယ်။

ကွန်ဒိုတိုက်ခန်းပိုင်ရှင် တစ်ဦးလည်း ဖြစ်သူ၊ ပြိုကျရာမှာ မိသားစု လေးယောက် အသက်ဆုံးရှုံးခဲ့ရတဲ့ မိသားစုဝင် တစ်ဦး ကတော့ တိုက်ခန်းတွေကို ပြန်လည်တည်ဆောက်ဖို့အတွက် ငွေကြေးထည့်ဝင်လိုခြင်းမရှိတော့ဘူးလို့ ဆိုပါ တယ်။သဘာဝဘေးကြောင့် ကွန်ဒိုတိုက်ခန်း ပြိုကျပျက်စီးခဲ့တဲ့အတွက် ပြန်လည်တည်ဆောက်လိုရင် အချိုးကျ ငွေကြေး ပြန်လည်ထည့်ဝင်ရမှာ ဖြစ်ပြီး ဘဏ်နဲ့ ချိတ်ဆက်နိုင်သလို ကွန်ဒိုတည်ဆောက်ပြီးစီးသွားတဲ့အခါမှာလည်း တစ်လုံး တစ်ခဲတည်းပေးသွင်းပြီး အခန်းပြန်လည်ရယူနိုင်မှာ ဖြစ်တယ်လို့ ဦးလင်းလင်းထွန်းက ပြောပါတယ်။

အခုလက်ရှိ ပြိုကျ Sky Villa အဆောက်အဦ ဖယ်ရှားရှင်းလင်းတဲ့ လုပ်ငန်းမှာ ရာခိုင်နှုန်း ၈၀ ကျော် ပြီးစီးပြီ ဖြစ်ကာ စက်တင်ဘာ ၉ ရက်ထိ သေဆုံးသူ ရုပ်အလောင်း ၂၀၆ လောင်း ရှာဖွေတွေ့ရှိထားတယ်လို့ သိရပါတယ်။မန္တလေး ငလျင်ကြီးဒဏ်ကြောင့် ပြိုကျခဲ့တဲ့ Sky Villa အဆောက်အဦမှာ သေဆုံးခဲ့သူတွေထဲက ပထမအသုတ် အဖြစ် သေဆုံးသူ ၇၂ ယောက်အတွက် တစ်ယောက်ကို ကျပ်သိန်း ၁၀၀ ထောက်ပံ့ ပေးအပ်မှုကို စက်တင်ဘာ ၈ ရက်၊ နေ့လယ်ပိုင်းက မန္တလေးမြို၊ နန်းရှေ့ မုန်တိုင်းဇရပ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။




