ဂျပန်နိုင်ငံက လူတွေဟာ ထူးခြားတဲ့ မြင်ကွင်းဖြစ်တဲ့ လအပြည့်အဝ ကြတ်တာကို မြင်ခဲ့ကြပြီး ဒါဟာ နိုင်ငံ အတွင်းမှာ ၃ နှစ်လောက်အတွင်း ပထမဆုံးအကြိမ်တွေ့ရတဲ့ ထူးခြားတဲ့ဖြစ်စဉ် ဖြစ်တယ်လို့ Nikkei Asia သတင်းမှာပါရှိပါတယ်။

ကမ္ဘာက နေ နဲ့ လ အကြား ရောက်ရှိပြီး တစ်တန်းထဲ ဖြစ်သွားတဲ့အချိန်မှာ လ အပြည့်အဝကြတ်တဲ့ ဖြစ်စဉ် ဖြစ်ပွားပါတယ်။ အဲဒီအချိန်မှာ ကမ္ဘာ့လေထုကို ဖြတ်သန်းလာတဲ့ နေရောင်ခြည်ကြောင့် လရဲ့ အရောင်ဟာ အနီရင့်ရောင် ပြောင်းသွားပါတယ်။နိုင်ငံ့အနောက်တောင်ပိုင်းက ကောင်းကင်ယံမှာ လ ထွက်နေချိန် ပြီးခဲ့တဲ့ တနင်္လာနေ့ မနက် ၁ နာရီ ၂၇ မိနစ် လောက်မှာ လကြတ်မှု စတင်ခဲ့ကာ မနက် ၂ နာရီ ခွဲလောက်မှာ လအပြည့်အဝ ကြတ်ခဲ့တယ်လို့ National Astronomical Observatory of Japan (NAOJ) က ပြောပါတယ်။

တိုကျိုမြို့ Shibuya မြို့နယ်မှာရှိတဲ့ အထပ်မြင့် အဆောက်အအုံတစ်ခုရဲ့ အပေါ်ဆုံးထပ်က ရှုခင်းကြည့်တဲ့နေရာ မှာ လူ ၁၄၀ လောက် စုဝေးခဲ့ကြပါတယ်။ ကြည်လင်ပြီး ကြယ်တွေစုံနေတဲ့ညမှာ သူတို့ဟာ တယ်လီစကုပ်တွေ ဒါမှမဟုတ် မှန်ပြောင်းတွေသုံးပြီး လကြတ်တာကို ကြည့်ခဲ့ကြပါတယ်။အသက် ၂၀ အရွယ် ကောင်ကလေးတစ်ယောက်က လ အပြည့်အဝ ကြတ်သွားချိန်မှာ လရဲ့အရောင် အနီရောင် ဖြစ် သွားတာကို မြင်ရတာ စိတ်ဝင်စားဖို့ကောင်းပြီး စကြဝဠာကြီးရဲ့ ခမ်းနားမှုကို အနီးကပ် ခံစားခဲ့ရတယ်လို့ သူက ပြောပါတယ်။ဂျပန်နိုင်ငံမှာ လကြတ်တာကို ၂၀၂၆ ခုနှစ် မတ်လ ၃ ရက်မှာ နောက်တစ်ကြိမ် မြင်တွေ့နိုင်မယ်လို့ NAOJ က ဆိုပါတယ်။




