ဆီယက်တယ်ဆောင်းဒါးအသင်းကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ လိဂ်ဖလား ဗိုလ်လုပွဲအပြီး အားကစားသမား မပီသတဲ့ အပြုအမူကို လုပ်ခဲ့တဲ့ အင်တာမိုင်ယာမီအသင်းတိုက်စစ်မှူး ဆွာရက်ဇ်ကို ၆ ပွဲပယ်ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ဩဂုတ်လ ၃၁ ရက်နေ့က ကစားခဲ့တဲ့ အဆိုပါပွဲအပြီးမှာ နှစ်ဖက်အသင်းကစားသမားတွေ ပြဿနာဖြစ်ပွားခဲ့တာ ဖြစ်ပြီး အပြန်အလှန်အချင်းများမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဆွာရက်ဇ်က ဆီယက်တယ်ကွင်းလယ်လူ ဗာဂတ်စ်ရဲ့ လည်ပင်းကို ဆွဲခဲ့သလို မိုင်ယာမီအသင်းဖော် ဘက်စ်ကွက်စ်ကလည်း ဗာဂတ်စ်ရဲ့ မေးစေ့ကို လက်နဲ့ရိုက်ခဲ့ပါတယ်။အဲ့ဒီဖြစ်ရပ်အပြီး ခဏအကြာမှာပဲ ဆွာရက်ဇ်ဟာ ဆီယက်တယ်အသင်း ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ရာမီရက်ဇ်နဲ့ ထပ်မံစကားများခဲ့ကြပြီး ဆွာရက်ဇ်က ရာမီရက်ဇ်ရဲ့ မျက်နှာကို တံတွေးနဲ့ထွေးခဲ့တာ ဖြစ်ပါတယ်။အသက် ၃၈ နှစ်အရွယ် ဆွာရက်ဇ်က သူ့အပြုအမူတွေအတွက် ပြန်လည်တောင်းပန် ခဲ့ပေမယ့် လိဂ်ဖလား စည်းကမ်းထိန်းသိမ်းရေးကော်မတီက စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး ၆ ပွဲပယ်ပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။

ဒါအပြင် အင်တာမိုင်ယာမီအသင်း ကွင်းလယ်လူ ဘက်စ်ကွက်စ်ကိုလည်း ၂ ပွဲပယ်၊ နောက်ခံလူ အဗီလက်စ်ကို ၃ ပွဲပယ် ပြစ်ဒဏ်နဲ့ ဆီယက်တယ်အသင်း နည်းပြအဖွဲ့ဝင် လန်ဟတ်ကို ၅ ပွဲပယ်ပြစ်ဒဏ်တွေ ချမှတ်လိုက်တယ်လို့သိရပါတယ်။ဒီပြစ်ဒဏ်တွေကို လာမယ့်နှစ် လိဂ်ဖလား ပြိုင်ပွဲမှာသာ ကျခံရမှာဖြစ်ပြီး မေဂျာလိဂ်ပွဲစဉ်တွေအပေါ် သက်ရောက်မှုမရှိဘူး ဆိုပေမယ့် မေဂျာလိဂ်အနေနဲ့ သီခြား ပြစ်ဒဏ်ချမှတ်ခွင့်ရှိတယ်လို့ ကြေညာချက်မှာ ရေးသားထားပါတယ်။




