မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းဟာ စက်တင်ဘာ ၃ ရက် လာမယ့်ဗုဒ္ဓဟူးနေ့မှာ ကျင်းပမဲ့ တရုတ် နိုင်ငံရဲ့စစ်အောင်ပွဲနေ့အခမ်းအနားကို တက်ရောက်ဖို့ စီစဉ်နေပြီး အဲဒီခရီးစဉ်မှာ တောင်ကိုရီးယားလွှတ်တော် ဥက္ကဋ္ဌ ဝူဝမ်ရှစ်နဲ့ တွေ့နိုင်မလားဆိုပြီး ထင်ကြေး ပေးမှုတွေ မြင့်တက်လာတယ်လို့ The Korea Times သတင်းက ဖော်ပြပါတယ်။

ဝူဝမ်ရှစ်လည်း အဲဒီပွဲကို တက်ရောက်ဖို့ ဘေဂျင်းကိုသွားမှာပါ။ သမ္မတလီဂျေးမြောင်လက်ထက်မှာ ကိုရီးယား နှစ်နိုင်ငံလုံးက ထိပ်တန်းအရာရှိတွေ အခမ်းအနားတစ်ခုကို တက်ရောက်တာဟာ ဒါက ပထမဆုံးအကြိမ် ဖြစ်လာမှာပါ။အာရှတိုက်မှာ ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့ နှစ်(၈၀)ပြည့်အထိမ်းမှတ်အနေနဲ့ကျင်းပမယ့် ဒီအခမ်းအနားကို ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်အပါအဝင် နိုင်ငံပေါင်း နှစ်ဒါဇင်ကျော်က ခေါင်းဆောင်တွေ တက်ရောက် မယ်လို့ မျှော်လင့်ရပါတယ်။

တောင်ကိုရီးယားသမ္မတ တက်မလားဆိုပြီး တရုတ်အစိုးရက ကနဦးစုံစမ်းခဲ့ရာမှာ တောင်ကိုရီးယားက အမေရိ ကန်နဲ့ တိုင်ပင်ဆွေးနွေးပြီးတဲ့နောက်မှာ မဟာမိတ်တွေရဲ့ ဦးစားပေးကိစ္စတွေနဲ့ ပတ်သက်ပြီး ရောထွေးတဲ့ အရိပ်အယောင်တွေ ပြမိမှာကို သတိထားတဲ့အနေနဲ့ တောင်ကိုရီးယားလွှတ်တော်ဥက္ကဋ္ဌကိုပဲ လွှတ်ဖို့ ဆုံးဖြတ် ခဲ့တယ်လို့ ဆိုပါတယ်။




