၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့် လျှောက်လွှာတွေကို စက်တင်ဘာ ၁ ရက်ကနေ ၃၀ ရက်အထိ ရောင်းချပေးသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ဩဂုတ် ၂၉ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။လျှောက်လွှာ တစ်စောင်ကို ငွေကျပ် ၂၀၀ နဲ့ စာမေးပွဲဝင်ကြေးအတွက် ငွေကျပ် ၇၀၀ တန်ဖိုးရှိ ပညာရေးဝန်ကြီး ဌာန ငွေသွင်းတံဆိပ်ခေါင်းတို့ကို နေပြည်တော်၊ ရုံးအမှတ် (၅၂)၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန(ရုံးချုပ်)နဲ့ လှိုင်မြို့ နယ်၊ (၁၂) ရပ်ကွက်၊ ပါရမီလမ်းရှိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရန်ကုန်ရုံးခွဲ)တွေမှာ ရောင်းချပေးသွားမှာ ဖြစ်ပါ တယ်။

ကျောင်းတွင်းကနေ ဖြေဆိုမယ့် ကျောင်းသား၊ ကျောင်းသူတွေအတွက် ဖြေဆိုခွင့် လျှောက်လွှာတွေကို သက်ဆိုင် ရာကျောင်းတွေမှာနဲ့ ပြင်ပဖြေဆိုမယ့် ကျောင်းသား၊ ကျောင်းသူတွေအတွက် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူး ရုံးတွေကနေ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကို ကိုယ်တိုင်(ဒါမှမဟုတ်) ကိုယ်စားစေလွှတ်ပြီး လာရောက် ဝယ်ယူနိုင် တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့် လျှောက်လွှာ၊ ကတ်ပြားပုံစံတွေကို ဖြေဆိုမယ့် ဘာသာတွဲအလိုက် အစိမ်းရောင်နဲ့ ပန်းရောင်ဆိုပြီး အရောင် ၂ မျိုးခွဲခြား သတ်မှတ်ထားပါတယ်။အခြေခံပညာအထက်တန်းကျောင်းတွေ၊ ကျောင်းခွဲတွေ၊ တွဲဖက်ကျောင်းတွေနဲ့ ကိုယ်ပိုင်းအထက်တန်းကျောင်း တွေကနေ ဖြေဆိုဖို့ လျှောက်လွှာတင်သွင်းမယ့် ကျောင်းသား၊ ကျောင်းသူတွေအတွက် သက်ဆိုင်ရာ ကျောင်း အုပ်ကြီးတွေက မိမိတို့ ကျောင်းအလိုက် ဖြေဆိုခွင့်လျှောက်လွှာတွေကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနကို စက်တင် ဘာ ၁ ရက်ကနေ ၃၀ ရက်အတွင်း တင်သွင်းရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အလားတူ ပြင်ပဖြေဆိုဖို့ လျှောက်လွှာတင်သွင်းမယ့်သူတွေက သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးတွေမှာ ငွေသွင်းတံဆိပ်ခေါင်းတွေနဲ့ လျှောက်လွှာတွေ ဝယ်ယူပြီး မိမိတို့ အမှန်တယ်နေထိုင်တဲ့ မြို့နယ်ပညာရေးမှူးရုံးမှာ စက်တင်ဘာ ၁ ရက်ကနေ ၃၀ ရက်အတွင်း တင်သွင်းကြရမှာ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ ရက်တွေအတွင်း အချိန်မီ ပေးပို့ခြင်း မရှိသူတွေဟာ စာမေးပွဲဖြေဆိုခွင့် ရရှိမှာ မဟုတ်ဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။ဒါ့အပြင် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာ၊ ကတ်ပြားတွေမှာ ဖော်ပြပါရှိတဲ့ ဘာသာတွဲမှအပ အခြားဘာသာတွဲကို ပြောင်းလဲ ဖြေဆိုခွင့်ပြုမှာ မဟုတ်တဲ့အတွက် မိမိတို့ဖြေဆိုမယ့် ဘာသာတွဲအလိုက် ပုံစံတွေ မှန်ကန်မှု ရှိ၊ မရှိ သေ ချာစွာ စစ်ဆေးပြီး ဖြေဆိုမယ့်သူ ကိုယ်တိုင် ဖြည့်စွက်လျှောက်ထားကြရမှာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂ သိန်း ကျော် ရှိခဲ့ရာ အောင်မြင်သူ ၁ သိန်း နီးပါးရှိခဲ့ပြီး အောင်ချက် ရာခိုင်နှုန်းအနေနဲ့ ၄၈ ဒသမ ၀၆ ရာခိုင်နှုန်း ရှိခဲ့တယ် လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။




