ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဂျိုဟန် ဝါဒီဖူးလ်က ဂျပန်နဲ့ ဆက်ဆံရေးဟာ ခိုင်မာအားကောင်းတယ်လို့ ချီးကျူး ပြောကြားခဲ့ပြီး မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးရဲ့ အရေးပါပုံကိုလည်း ထောက်ပြခဲ့ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံဟာ” ပိုမိုရန်လိုလာတယ်” လို့လည်း ဝေဖန်ပြောကြားခဲ့ပါတယ်။

ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဟာ ပြီးခဲ့တဲ့သတင်းပတ်ထဲက စတင်ခဲ့တဲ့ သူ့ရဲ့ ပထမဆုံး ဂျပန်ခရီးစဉ်အတွင်း အာရှ တိုက်မှာ ဘာလင်ရဲ့ “ အဓိက မိတ်ဖက်” အဖြစ် ဂျပန်ကို ချီးကျူးခဲ့တာဖြစ်ပြီး တိုကျိုနဲ့ဘာလင်တို့ဟာ “ ရှည်လျား နက်ရှိုင်းပြီး ရင်းနှီးတဲ့မိတ်ဆွေတွေ” ဖြစ်တယ်လို့ သူက ပြောဆိုခဲ့တာပါ။ဒါ့အပြင် ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးကို တန်ဖိုးထားမှုဟာ အရေးကြီးတဲ့ အချက်ဖြစ်သလို အကျပ်အတည်း တွေနဲ့ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ကာလမှာဆိုရင် မိတ်ဆွေတွေနဲ့မဟာမိတ်တွေအကြား ပူးပေါင်းဆောင်ရွက်မှုက ပိုပြီးအရေးပါလာတယ်လို့လည်း ပြောပါတယ်။

ဝါဒီဖူးလ်က ယူကရိန်း၊ ဂါဇာနဲ့ အီရန်ကိစ္စတွေကို ထောက်ပြပြီး “ မိတ်ဆွေတွေနဲ့ မဟာမိတ်တွေအကြား ပိုမိုနီးကပ် စွာ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်းကို မီးမောင်းထိုးပြခဲ့ပါတယ်။ “ ဂျပန်နိုင်ငံခြားရေးဝန်ကြီးကလည်း G7 အဖွဲ့ဝင်နိုင်ငံတွေအကြား နီးကပ်တဲ့ မိတ်ဖက်ဆက်ဆံရေးရဲ့ အရေးပါပုံကို အလေးအနက်ထား ပြောကြားခဲ့ပါ တယ်။ ဥရောပနဲ့ အာရှတိုက်မှာ ဦးဆောင်နေတဲ့ စီးပွားရေးအင်အားကြီးနိုင်ငံတွေအနေနဲ့ နိုင်ငံတကာစနစ် အပေါ် ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့ လိုအပ်တယ်လို့လည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။




