ကမ္ဘောဒီးယားလုပ်သားတွေနေရာမှာ အစားထိုးနိုင်ဖို့အတွက် မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၂၀၀၀ လောက် ခေါ်ယူဖို့ စီစဉ်ထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်နိမိတ် တင်းမာမှု ဖြစ်ပွားနေချိန်မှာ ထိုင်းနိုင်ငံကထွက်ခွာသွားတဲ့ ကမ္ဘောဒီး ယား ရွှေ့ပြောင်းလုပ်သားတွေနေရာမှာ မြန်မာလုပ်သား ၄၂၀၀၀ လောက်နဲ့ သီရိလင်္ကာလုပ်သား ၁၀၀၀၀ လောက်ကို ခေါ်ယူဖို့ ထိုင်း အလုပ် သမားဝန်ကြီးဌာနက စီစဉ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနဲ့ သီရိလင်္ကာလုပ်သားတွေကို အခုလအတွင်း အမြန်ဆုံးခေါ်ယူဖို့ စီစဉ်ထားပြီး အလုပ်သမားရှားပါးတဲ့ လုပ်ငန်းအားလုံးမှာ ဖြန့်ခွဲ ဝင်ရောက်လုပ်ကိုင်ခွင့်ပြုမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး Pongkawin Juangroon gruangkit (ပေါင်ကဝင် ဂျွန်ကရုန်း ဂရင်ကစ်)က ပြောထားတယ်လို့ သိရပါတယ်။ထိုင်းနိုင်ငံက ငါးဖမ်းလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ကမ္ဘောဒီးယားလုပ်သား တွေ အများဆုံး လုပ်ကိုင်နေတာပါ။လက်ရှိ အခြေအနေတွေအရ အဲဒီလုပ်ငန်းတွေမှာ လုပ်ကိုင်နေရာကနေ နေရပ်ပြန်သွားတဲ့ ကမ္ဘောဒီးယား လုပ် သားတွေ နေရာမှာ မြန်မာလုပ်သားတွေနဲ့ အစားထိုး ဖြည့်ဆည်းခန့်အပ်ဖို့ ထိုင်းလုပ်ငန်းရှင်တွေက စီစဉ်လာ ကြတာ ဖြစ်ပါတယ်။

ဒါ့က ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်မယ့် မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် အခွင့်အလမ်းဖြစ်တာကြောင့် စာရွက်စာတမ်းအထောက် အထား ပြည့်စုံအောင်၊ လုပ်ငန်းကျွမ်းကျင်မှုရှိအောင် ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ထိုင်းရောက် မြန်မာအလုပ်သမားအရေးကူညီ ဆောင်ရွက်ပေးနေသူတချို့က ပြောပါတယ်။ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် မတ်လအထိ တရားဝင်အထောက်အထားနဲ့ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၃ သန်းကျော် ရှိတယ်လို့ သိရပြီး ပြည်တွင်းက ရွှေ့ပြောင်း မြန်မာလုပ်သားအများစုဟာ ထိုင်းနိုင်ငံကို အများဆုံး သွားရောက်လုပ်ကိုင်နေကြပါတယ်။




