ယူကရိန်းနဲ့ ရုရှားတို့ကြား ငြိမ်းချမ်းရေးသဘောတူညီမှု ရနိုင်ဖို့အရေးမှာ ဥရောပနိုင်ငံတွေက ယူကရိန်းကို လုံခြုံရေးအာမခံချက်တွေ ပေးနိုင်ဖို့အတွက် အမေရိကန်က ကူညီဆောင်ရွက်မယ်လို့ သမ္မတထရမ့်က ပြောကြား လိုက်ပါတယ်။

ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတ ဇယ်လန်းစကီးတို့ အိမ်ဖြူတော်မှာ တွေ့ဆုံပြီးနောက် ဥရောပခေါင်းဆောင် တွေနဲ့ ဆက်လက်ဆွေးနွေးရာမှာ သမ္မတထရမ့်က ပြောကြားခဲ့တာပါ။ ကိစ္စရပ်အားလုံးနီးပါးမှာ ဖြေရှင်းလာနိုင်ဖို့ အထိ သူ့အနေနဲ့ ယုံကြည်မှုရှိတယ်လို့လည်း ပြောခဲ့ပါတယ်။မစ္စတာ ဇယ်လန်းစကီးနဲ့ ဥရောပခေါင်းဆောင်တွေက လုံခြုံရေးအာမခံချက်နဲ့ဆိုင်တဲ့ အသေးစိတ်အချက်အလက် တွေကို ရရှိဖို့ လိုလားနေကြပါတယ်။

ရုရှားဘက်ကတော့ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့(နေတိုး)အဖွဲ့ဝင်နိုင်ငံတွေရဲ့ ယူကရိန်းဆီ တပ်တွေ စေလွှတ် ဖို့ စိတ်ကူးကိုတော့ ပယ်ချတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောထားပါတယ်။ ဒီအစည်း အဝေးကို နေတိုး၊ ဥရောပသမဂ္ဂ၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ဖင်လန်နဲ့ အီတလီက ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။




