အခု နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ ဆန္ဒ ရှိတယ်ဆိုတာ စပါးအသင်းကို တိုက်စစ်မှူး ဆွန်ဟောင်မင် အသိပေး ထားတယ်လို့ သိရပါတယ်။ အမေရိကန်မေဂျာလိဂ်အသင်း LAFC ရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့ ဆွန်ဟောင်မင်က စပါးအသင်း တာဝန်ရှိသူတွေနဲ့ နည်းပြ သစ် သောမတ်စ် ဖရန့်ခ်တို့ဆီ သူ့ဆန္ဒကို အသိပေးထားပြီး ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။

ဆွန်ဟောင်မင်ဟာ စပါးအသင်းမှာ ကစားလာခဲ့တာ ၁၀ နှစ်ရှိပြီ ဖြစ်ပြီး လာမယ့် ၂၀၂၆ မှာ စာချုပ်ပြည့်မှာဖြစ်ပါတယ်။အသင်းအတွက် (၄၅၄) ပွဲမှာ (၁၇၃) ဂိုးသွင်းပြီး (၁၀၁) ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင် ခဲ့သလို ပြီးခဲ့တဲ့ မေလက ပရီးမီးယားလိဂ်သွင်းဂိုး ၁၀၀ ပြည့်တဲ့ ပထမဆုံး အာရှကစားသမားအဖြစ် မှတ်တမ်းဝင်ထားပါတယ်။စပါးအသင်းနဲ့အတူ ပထမဆုံး ဆုဖလားအဖြစ် ယူရိုပါလိဂ်ကို ရယူနိုင်ခဲ့ပြီးနောက် ဆွန်ဟောင်မင်က စပါးအသင်းကနေ ထွက်ဖို့ ဆန္ဒ ရှိနေခဲ့တာဖြစ်ပြီး နည်းပြသစ် သောမတ်စ် ဖရန့်ခ်နဲ့ ဆုံချိန်မှာလည်း သူ့ဆန္ဒကို ပြောထားခဲ့တယ်လို့ သိရပါတယ်။

ဆွန်ကို ဆော်ဒီပရိုလိဂ် ကလပ်အသင်းတွေက မြင့်မားတဲ့ လုပ်ခလစာ နဲ့ ဆွဲဆောင်မှုတွေရှိပေမယ့် ကစားသမားက မေဂျာလိဂ်ကို လာရောက်ဖို့ကိုသာ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် တနင်္ဂနွေနေ့မှာ ကစားမယ့် နယူးကာဆယ် အသင်းနဲ့ ရာသီကြို ခြေစမ်းပွဲက ဆွန်ရဲ့ စပါးကစားသမားဘဝ နောက်ဆုံးပွဲ ဖြစ်လာနိုင်ပါတယ်။




