ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား အပြန်အလှန်ကုန်သွယ်မှုဟာ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်ကထက် ၂၄ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက သိရပါတယ်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်က မြန်မာ-အိန္ဒိယ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံထိ ရှိခဲ့ပါ တယ်။ အိန္ဒိယကို မြန်မာ့ပဲမျိုးစုံနဲ့ တခြားကုန်စည်တွေ တင်ပို့မှုက အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ထိ ရှိပြီး အိန္ဒိယကနေ မြန်မာကို ဆေးဝါးတင်သွင်းမှုက ၅ ရာခိုင်နှုန်းနီးပါး မြင့်တက်လာတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး မစ္စတာ အဘ်ဟေး တာကူးရ်က ပြောပါတယ်။အများသုံးဆေးဝါးထုတ်လုပ်မှုကို အိန္ဒိယမှာ လျှော့ချနေပြီး မြန်မာမှာ တိုးမြှင့်ထုတ်လုပ်ရင်းနှီးမြှုပ်နှံရေးတွေကို လည်း ဆွေးနွေးတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။အိန္ဒိယနိုင်ငံက ရင်းနှီးမြှုပ်နှံသူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ဆေးဝါးတင်သွင်း ဖြန့်ဖြူးရောင်းချတာ အပြင် ပြည်တွင်းဆေးဝါး ထုတ်လုပ်မှုကဏ္ဍမှာ ပိုမို ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားထားပါတယ်။

မြန်မာနိုင်ငံကနေ အိန္ဒိယကို ပဲမျိုးစုံ၊ ရော်ဘာ၊ ငါးနဲ့ ချုပ်ပြီးအထည်ချုပ်တွေ အများဆုံး တင်ပို့ပြီး အိန္ဒိယကနေ ဆေးဝါး၊ ရေနံထွက်ကုန်ပစ္စည်းတွေ၊ လျှပ်စစ်နဲ့ ဆောက်လုပ်ရေးသုံးပစ္စည်းတွေ အဓိက တင်သွင်းနေတာပါ။မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံကြတဲ့ နိုင်ငံတွေထဲမှာ အိန္ဒိယနိုင်ငံဟာ ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်တဲ့ နိုင်ငံ အဆင့် ၁၁ နေရာမှာ ရပ်တည်နေပြီး မြန်မာနိုင်ငံရဲ့ စတုတ္ထမြောက် ကုန်သွယ်ဖက် အများဆုံးနိုင်ငံ ဖြစ်ပါတယ်။မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ကျန်းမာရေးနဲ့ စီးပွားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဆောင်ရွက်နေ တယ်လို့လည်း သိရပါတယ်။




