တောင်ကိုရီးယားသမ္မတ လီဂျယ်မြောင်ရဲ့ နှစ်နိုင်ငံစစ်ရေးတင်းမာမှုကို လျှော့ချဖို့နဲ့ တောင်-မြောက် ကိုရီးယား ဆက်ဆံရေးတွေကို တိုးတက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဆွေးနွေးတာတွေ ပြန်လည်စတင်ဖို့ ကြိုးပမ်းချက်အပေါ် မြောက်ကိုရီးယားဘက်က တောင်ကိုရီးယားရဲ့ ဘယ်လို အဆိုပြုချက်ကိုမှ စိတ်မဝင်စားကြောင်းနဲ့ တောင်ကိုရီး ယားနဲ့ မဆွေးနွေးနိုင်ဖူးလို့ မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ညီမဖြစ်သူက ပြောကြားခဲ့တာကို Korea Times သတင်းမှာ ဖော်ပြပါရှိပါတယ်။

အဲဒီထုတ်ပြန်ချက်ကို မြောက်ကိုရီးယားအုပ်ချုပ်ရေးပါတီဗဟိုကော်မတီရဲ့ ဒုညွှန်ကြားရေးမှူး ကင်ယိုဂျုံးက ကိုရီးယားဗဟိုသတင်းအေဂျင်စီကနေတစ်ဆင့် ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပြီး တောင်ကိုရီးယားအစိုးရအနေနဲ့ မြောက်ကိုရီးယားရဲ့အာရုံစိုက်မှုကိုရဖို့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား မြောက်ကိုရီးယားရဲ့ တောင်ကိုရီးယား အပေါ် သဘောထားက ပြောင်းလဲမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ တောင်ကိုရီးယားဘက်က တောင်နဲ့မြောက် နှစ်နိုင်ငံပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနကို ပုံမှန်အတိုင်း ပြန်လည်လုပ်ဆောင်ဖို့ အဆိုပြုချက်နဲ့ပတ်သက်လို့လည်း တောင်နဲ့မြောက်ကိုရီးယားဟာ သီးခြားနိုင်ငံ နှစ်နိုင်ငံ ဖြစ်တဲ့အတွက် အဲဒီဝန်ကြီးဌာနကို ဖျက်သိမ်းသင့်တယ်လို့ ကင်ယိုဂျုံးက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် တောင်ကိုရီးယားဘက်က အသံချဲ့စက်နဲ့ဝါဒဖြန့်တာတွေကို ရပ်ဆိုင်းပေးလိုက်တဲ့အပေါ် ကျေးဇူးတင် စရာမရှိဘူးလို့ ပြောကြားခဲ့သလို ခေါင်းဆောင် ကင်ဂျုံအန်းကို လာမဲ့ အောက်တိုဘာလမှာ တောင်ကိုရီးယားနိုင်ငံ ဂယောင်းဂျူမြို့မှာ ကျင်းပမဲ့ အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့(APEC)ညီလာခံတက်ရောက်ဖို့ တောင်ကိုရီးယားရဲ့ ဖိတ်ကြားချက်ကိုလည်း ငြင်းပယ်ခဲ့ပါတယ်။




