တက်စလာကားရောင်းအားက ဝေါလ်စထရိဈေးကွက်မှာ ခန့်မှန်းထားတာထက် လျှော့နည်းခဲ့ပြီး တက်စလာ ကား ကုမ္ပဏီရဲ့အဆိုးဆုံး သုံးလပတ်တစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်။ ဒါက ပြိုင်ဆိုင်မှု တိုးလာတာနဲ့ စီအီးအိုအီလွန်မတ်စ် ကို ဆန့်ကျင်တဲ့လူထုတုံ့ပြန်မှုကြောင့် ကုမ္ပဏီထိခိုက်နစ်နာတဲ့လက္ခဏာ ဖြစ်ပါတယ်။

ဒုတိယသုံးလပတ်မှာ ရောင်းအားက ဒေါ်လာ ၂၂ ဘီလီယံခွဲရှိပြီး ၁၂ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ ဒါက ဆယ်စုနှစ်တစ်ခုအတွင်းမှာ အဆိုးဆုံး ရောင်းအားကျဆင်းမှု ဖြစ်ပါတယ်။လျှပ်စစ်ကားကုမ္ပဏီတက်စလာရဲ့ဝင်ငွေက ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံရှိပြီး ဒါကလည်း မနှစ်ကဝင်ငွေဒေါ်လာ ၁ ဒသမ ၄ ဘီလျံကနေ လျှော့ကျသွားတာဖြစ်ပါတယ်။ တက်စလာရဲ့ သုံးလပတ်အမြတ်ငွေက ၂၀၂၄ ခုနှစ် တတိယသုံးလပတ်ကတည်းက တိုးလာတာ မရှိခဲ့ပါဘူး။

အဲဒီဝင်ငွေအစီရင်ခံစာမှာ ဆိုးရွားတဲ့သတင်းအသစ်တွေ မပါဘဲ တက်စလာက မောင်းသူမဲ့တက္ကစီနဲ့ ဈေးသက်သာ တဲ့ ကားထုတ်လုပ်ရေးစီမံကိန်းတွေကို ဆက်လုပ်မယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကုမ္ပဏီက ဈေးကွက်ဆန်းစစ်သူ တွေနဲ့လုပ်တဲ့ အွန်လိုင်းအစည်းအဝေးက ရှေ့ဆက်သွားမယ့်လမ်းကြောင်းနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေကို လုံးဝ ဖြေဖျောက် မပေးနိုင်ခဲ့ပါဘူး။




