ယူရို ၂၀၂၅ အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ ခရီးက ရုပ်ရှင်ဆန် လွန်းတယ်လို့ အင်္ဂလန်အမျိုးသမီးအသင်းနည်းပြ ဝက်ဂ်မန်းက ပြောသွားပါတယ်။ အင်္ဂလန်အမျိုးသမီးအသင်းဟာ အင်္ဂါညက ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲမှာ အီတလီအသင်းကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရပါတယ်။

အီတလီအသင်းက ပွဲချိန် ၃၃ မိနစ်မှာ သွင်းယူခဲ့တဲ့ ဂိုးနဲ့ အင်္ဂလန်အသင်းကို ဦးဆောင်နိုင်ခဲ့တာပါ။ လက်ရှိချန်ပီယံ အင်္ဂလန်အသင်းက ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် အီတလီအသင်းခံစစ်က ကောင်းလွန်းခဲ့တာကြောင့် ပွဲပြီးကာနီးအထိ ချေပဂိုးရဖို့ကို ခက်ခဲနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကံတရားက အင်္ဂလန်ဘက်မှာရှိခဲ့ပြီး နာကျင်အချိန်ပိုမှာ အင်္ဂလန်အသင်း ချေပဂိုးပြန်သွင်းနိုင်ခဲ့လို့ ပွဲအပြီးမှာ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့ပါတယ်။ ဒါ့ကြောင့် အချိန်ပိုဆက်လက်ကစားခဲ့ ရာမှာတော့ ပွဲကစားချိန် ၁၁၉ မိနစ်မှာ လူစားဝင်ကစားသမား ကယ်လီက အင်္ဂလန်အသင်းအတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူခဲ့ပြီး အချိန်ပိုပြီးဆုံးချိန်မှာတော့ အင်္ဂလန်အသင်း အနိုင်ရလဒ်နဲ့ ဗိုလ်လုပွဲကိုတက်ခွင့်ရသွား ခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ ဆွီဒင်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲမှာလည်း ဆွီဒင်အသင်းရဲ့ ၂ ဂိုးအသာနဲ့ ဦးဆောင်မှုကို ခံခဲ့ရပေမယ့် ပွဲအပြီးမှာ ၂ ဂိုးစီသရေကျအောင်လိုက်ကစားနိုင်ခဲ့သလို ပင်နယ်တီ အဆုံးအဖြတ်မှာလည်း ကံကောင်းမှုနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း နည်းပြ ဝက်ဂ်မန်းက အခုယူရို ပြိုင်ပွဲမှာ အင်္ဂလန်အသင်းရဲ့ စွမ်းဆောင်ရည်ကမယုံကြည်နိုင်စရာကောင်းသလို ရုပ်ရှင်ဆန်လွန်းပါတယ်လို့ အီတလီအသင်းနဲ့ပွဲအပြီးမှာ ပြောသွားခဲ့တာဖြစ်ပါတယ်။




