တရုတ်နိုင်ငံရဲ့အရှေ့ပိုင်းပင်လယ်ကမ်းရိုးတန်းတစ်လျှောက်မှာ ဇူလိုင် ၄ ရက်က ပြင်းထန်တဲ့ အပူလှိုင်း ကျရောက် ခဲ့ပါတယ်။ ဒီအပူလှိုင်းဒဏ်ကို ယန်ဇီမြစ်တစ်လျှောက် အရေးပါတဲ့စိုက်ပျိုးရေးနဲ့ကုန်ထုတ်လုပ်တဲ့ အချက်အချာ ဒေသတွေမှာ ခံခဲ့ရတာကြောင့် စီးပွားရေးဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ အဓိကစီးပွားရေးဒေသအများအပြားမှာ လာမယ့်ရက်သတ္တပတ်အတွင်း အပူချိန် ၃၇ ဒီဂရီ စင်တီ ဂရိတ်ကနေ ၃၉ ဒီဂရီစင်တီဂရိတ်အထိ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။မိုးလေဝသပညာရှင်တွေရဲ့သတိပေးချက်အရ အန်ဟွေး(Ahhui)နဲ့ ကျဲ့ကျန်း(Zhejiang)ပြည်နယ်တွေအပြင် အလယ်ပိုကျတဲ့ ဟူဘေး(Hubei)နဲ့ ဟဲနန်(Henan) ပြည်နယ်တွေမှာလည်း ၄၀ ဒီဂရီစင်တီဂရိတ်အထိ ရောက်နိုင်တယ်လို့ ဆိုပါတယ်။ပူပြင်းတဲ့လေထုကို ဖြစ်စေတဲ့ ရာသီဥတုကြောင့် ဒီအပူလှိုင်းကို ဖြစ်ပေါ်စေတာဖြစ်ပြီး ဒီနှစ်မှာ အရင်ကထက် စောပြီး ဖြစ်လာတာပါ။

လက်ရှိဖြစ်ပေါ်နေတဲ့အပူဒဏ်ကြောင့် သီးနှံစိုက်ခင်းတွေ ပျက်စီးပြီး လယ်သမားတွေရဲ့ ဝင်ငွေကို ထိခိုက်ရုံသာမက ကုန်ထုတ်လုပ်ရေးဗဟိုချက်နေရာတွေနဲ့ အဓိကကျတဲ့ ဆိပ်ကမ်းမြို့တွေက လုပ်ငန်း စဉ်တွေကိုလည်း ထိခိုက်မှုရှိစေနိုင်ပါတယ်။ ဒါ့အပြင် လက်ရှိ မနိုင်မနင်းဖြစ်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်တွေကိုလည်း ပိုပြီး အခက်အခဲဖြစ်စေနိုင်ပါတယ်။




