အစ္စရေး ကာကွယ်ရေးဦးစီးချုပ် အသစ်အဖြစ် ဒု-ဗိုလ်ချုပ်ကြီး အီယေလ် ဇာမီယာကို တရားဝင် တာဝန်အပ်နှင်းတဲ့ အခမ်းအနားကို မတ်လ ၅ ရက်မှာ ကျင်းပကြောင်း အစ္စရေးသတင်းတွေက ဖော်ပြကြပါတယ်။

အခမ်းအနားကို အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟု၊ ကာကွယ်ရေးဝန်ကြီး အစ္စရေး ကတ်ဇ်နဲ့အတူ ရာထူးက နုတ်ထွက်သွားတဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဒု-ဗိုလ်ချုပ်ကြီး ဟာဇီ ဟာလယ်ဗီလည်း တက်ရောက်ခဲ့ပါတယ်။ဒု-ဗိုလ်ချုပ်ကြီး ဟာဇီ ဟာလယ်ဗီဟာ ၂၀၂၃ အောက်တိုဘာ ၇ ရက် အကြမ်းဖက် တိုက်ခိုက်မှုကို ကာကွယ် တားဆီးဖို့ ပျက်ကွက်ခဲ့တဲ့အပေါ် တာဝန်ခံတဲ့အနေနဲ့ ရာထူးကနေ နုတ်ထွက်သွားတာဖြစ်ပါတယ်။

“ အစ္စရေး စစ်တပ်ကို အောင်ပွဲတွေ ဆက်လက်ရရှိဖို့ ဦးဆောင်သွားမှာဖြစ်သလို ဟားမာ့စ် အကြမ်းဖက်အဖွဲ့တွေ ဖမ်းဆီးထားဆဲ ဓားစာခံ အားလုံး လွတ်မြောက်ရေးအတွက် ကတိပေးတယ်” လို့ ကာကွယ်ရေးဦးစီးချုပ်အသစ် အသက် ၅၉ နှစ်အရွယ် ဒု-ဗိုလ်ချုပ်ကြီး အီယေလ် ဇာမီယာက တာဝန်အပ်နှင်းပွဲ အခမ်းအနားမှာ ပြောသွားတယ်လို့ အစ္စရေး သတင်းတွေက ဖော်ပြကြပါတယ်။