အမေရိကန်သမ္မတအိမ်ဖြူတော် ဘဲဥပုံရုံးခန်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်က အမေရိကန်နဲ့ယူကရိန်း သမ္မတနှစ်ယောက် ထိပ်တိုက်တွေ့ဆုံပြီး ငြင်းခုံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါ့ကြောင့် ရက်ပိုင်းအတွင်း ယူကရိန်း နိုင်ငံကို စစ်ရေးအကူအညီထောက်ပံ့မှုတွေ ခေတ္တရပ်ဆိုင်းထားကြောင်း အိမ်ဖြူတော်က တာဝန်ရှိသူတစ်ယောက် က မတ်လ ၃ ရက်က အတည်ပြုပြောကြားခဲ့တာကို CNN သတင်းမှာ ပါရှိပါတယ်။

ဖြေရှင်းချက်တစ်ခုအတွက် အထောက်အကူဖြစ်စေကြောင်း သေချာစေဖို့အတွက် အမေရိကန်အနေနဲ့ အကူအညီ တွေကို ခေတ္တရပ်ထားပြီး ပြန်လည်သုံးသပ်နေတယ်လို့ အမေရိကန် အဆင့်မြင့်အရာရှိတစ်ယောက်ကလည်း ပြောပါတယ်။အမေရိကန်ဟာ လွန်ခဲ့တဲ့သုံးနှစ်က ယူကရိန်းကို ရုရှားက အပြည့်အ၀ကျူးကျော်တိုက်ခိုက်ပြီးနောက် ယူကရိန်း အတွက် အဓိကလက်နက်တွေ ထောက်ပံ့နေတဲ့ နိုင်ငံဖြစ်ပါတယ်။ လက်ရှိမှာ အမေရိကန် သမ္မတက ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးကို အထူးအာရုံစိုက်နေပြီး အဲဒီပန်းတိုင်ကို ရောက်အောင် ကတိကဝတ်ပြုဖို့ အမြန်ဆုံး ဆောင်ရွက်နေတယ်လို့ ထရမ့်ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က ပြောကြားထားပါတယ်။

တစ်ဖက်မှာလည်း ရုရှားနဲ့စစ်ပွဲ အဆုံးသတ်ဖို့ အလွန့်အလွန်ကို ဝေးပါသေးတယ်လို့ ယူကရိန်းသမ္မတ ဇယ်လန် စကီးက လန်ဒန်မြို့ကအထွက်မှာ ပြောကြားခဲ့တဲ့အပေါ် ထရမ့်က ခုလို Truth Social လူမှုစာမျက်နှာကနေ တုံ့ပြန်လိုက်တာဖြစ်ပါတယ်။ဒါပေမဲ့ သမ္မတထရမ့်ကတော့ အမေရိကန် ကျောထောက်နောက်ခံရှိနေသမျှ ဇယ်လန်စကီးက ငြိမ်းချမ်းရေးဝိုင်းကို ရောက်လာမှာမဟုတ်ကြောင်း၊ ဇယ်လန်စကီးတက်တဲ့ အစည်းအဝေးမှာလည်း ဥရောပက အမေရိကန်မပါဘဲ လုပ်ဖို့ မဖြစ်နိုင်နိုင်ဘူးလို့လည်း ထရမ့်က ထပ်လောင်း ပြောဆိုလိုက်ပါတယ်။