ဂါဇာကမ်းမြှောင်ဒေသ အပစ်အခတ် ရပ်စဲမှုကို နောက်ထပ် ၆ ပတ်အထိ သက်တမ်းတိုးသွားမယ်လို့ အစ္စရေးအစိုးရက ဒီနေ့မှာ အတည်ပြုလိုက်ပါတယ်။မွတ်ဆလင်တွေ အထွတ်အမြတ်ထားတဲ့ ရာမန်ဒန်ကာလရှိနေတာရော ဂျူးလူမျိုးတွေရဲ့ အားလပ်ရက်ဖြစ်တဲ့ Jewish Passover ကာလ ရှိနေတာရောကြောင့် အခုလို အပစ်အခတ်ရပ်စဲမှု သက်တမ်းတိုးလိုက်တာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်နေ့က စတင်အသက်ဝင်ခဲ့တဲ့ အစ္စရေးနဲ့ ဟားမက်စ်အကြား အပစ်အခပ်ရပ်စဲရေး ပထမအဆင့်ဟာ မတ်လ ၁ ရက်နေ့ ညသန်းခေါင်မှာ သက်တမ်းကုန်ဆုံးခဲ့တာပါ။လက်ရှိမှာ အပစ်အခပ်ရပ်စဲရေး ဒုတိယအဆင့်ကို ဆက်တက်ဖို့အတွက် သဘောတူညီချက်မရရှိသေးပါဘူး။အမေရိကန်၊ ကာတာနဲ့ အီဂျစ်လို ကြားဝင်ဖြန်ဖြေတဲ့ နိုင်ငံတွေဆီကနေ အာမခံချက်မရမချင်း ဒုတိယအဆင့်ကို တက်မှာ မဟုတ်ဘူးလို့ ဟားမက်စ်ဘက်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။အပစ်အခတ်ရပ်စဲရေးဒုတိယအဆင့် သဘောတူညီချက်ရရှိရင် ကျန်ရှိနေတဲ့ အစ္စရေးဓားစာခံတွေအကုန် ပြန်လွတ်လာမှာဖြစ်ပြီး အစ္စရေးစစ်တပ်ကလည်း ဂါဇာကနေ ဆုတ်ခွာပေးရမှာပါ။ဒါပေမယ့် သဘောတူညီချက်မရရင်တော့ ၆ ပတ်ကြာကာလ ပြီးဆုံးရင် အစ္စရေးရဲ့ ထိုးစစ်တွေ ပြန်စတင်လာနိုင်ပါတယ်။

ပြီးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ပထမအဆင့်မှာ ဟားမက်စ်ဘက်က အစ္စရေးဓားစာခံ ၃၃ ဦးနဲ့ ထိုင်းနိုင်ငံသား ငါးဦးကိုလွှတ်ပေးခဲ့ပြီး အစ္စရေးကတော့ ပါလက်စတိုင်းအကျဉ်းသား ၁၉၀၀ ဝန်းကျင်ကို လွှတ်ပေးခဲ့ပါတယ်။လက်ရှိဟားမက်စ်လက်ထဲမှာ အစ္စရေးဓားစာခံ ၂၄ ဦးကျန်ရှိနေသေးပြီး ကျန်တဲ့ ၃၉ ဦးကတော့ သေဆုံးပြီး ဖြစ်နိုင်တယ်လို့ အစ္စရေးဘက်က ယုံကြည်ထားပါတယ်။