ဟားမာ့စ်အဖွဲ့က ကြာသပတေးနေ့မှာ ပြန်လွှဲပြောင်းပေးခဲ့တဲ့ ရုပ်အလောင်းတွေထဲက နှစ်ခုဟာ အေရီရယ်နဲ့ ကေဖာ ဘီးဘတ်စ် ဆိုတဲ့ ကလေးငယ်နှစ်ယောက်ရဲ့ အလောင်းဖြစ်တယ်လို့ အစ္စရေးက ပြောပါတယ်။ ဒါပေမဲ့ အဲဒီ ကလေးငယ်တွေရဲ့အမေ ရှီရီရဲ့ အလောင်းဖြစ်မယ်လို့ ယူဆရတဲ့ ရုပ်အလောင်းတစ်ခုကို စစ်ဆေးမှုတွေ လုပ်တဲ့အခါမှာတော့ ရှီရီရဲ့ ရုပ်အလောင်း မဟုတ်တာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။

သေမှုသေခင်း စစ်ချက်နဲ့ ထောက်လှမ်းရေး အချက်အလက်တွေက အဲဒီကလေးငယ်တွေဟာ သတ်ဖြတ်ခံရလို့ သေဆုံးခဲ့တယ်ဆိုတာ တွေ့ရကြောင်းလည်း အစ္စရေး စစ်ဘက်က ပြောပါတယ်။ အခုကိစ္စဟာ သဘောတူညီချက်အရ သေဆုံး ဓားစာခံ အလောင်း(၄)လောင်းကို ပြန်ပေးရေး တာဝန်ရှိမှုကို ဟားမာ့စ် အကြမ်းဖက်အဖွဲ့ရဲ့ အဆုံးစွန်ဆုံး ချိုးဖောက်လိုက် တဲ့ ကိစ္စဖြစ်ပြီး ဒီအတွက် ဟားမာ့စ်အဖွဲ့အနေနဲ့ ရှီရီကို တခြားဓားစာခံတွေနဲ့အတူ အိမ်ကို ပြန်ပို့ပေးဖို့ တောင်းဆို ကြောင်း အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့(IDF)က ပြောပါတယ်။ ဒီဖြစ်စဉ်ကြောင့် လာမဲ့ စနေနေ့မှာ စီစဉ်ထားတဲ့ ဓားစာခံ(၆)ယောက် ပြန်လွှတ်ပေးရေးဟာ အပြောင်းအလဲရှိမှာ မဟုတ်ဘူးလို့ မျှော်လင့်ရကြောင်းလည်း အစ္စရေး စစ်တပ်က ပြောပါတယ်။

ကြာသပတေးနေ့မှာ ပြန်လွှဲပေးခဲ့တဲ့ အလောင်း(၄)လောင်းထဲမှာ သုံးလောင်းဟာ ဘီးဘတ်စ် မိသားစုဝင်တွေဖြစ်ပြီး တစ်ယောက်ကတော့ အိုဒက် လစ်(ဖ်)ရှစ်ဆိုသူ ဖြစ်တယ်လို့ ဆိုပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ အစ္စရေး အမျိုးသား မှုခင်းဆေးပညာစင်တာရဲ့ အကြီးအကဲက အဲဒီအလောင်းတွေထဲက တစ်ခုဟာ လစ်(ဖ်)ရှစ်ရဲ့ အလောင်းလို့ အတည်ပြုပါတယ်။ ဒါပေမဲ့ ဘီးဘတ်စ်မိသားစုနဲ့ ပတ်သက်ပြီးတော့ မှတ်ချက်တစ်စုံတစ်ရာ မပေးခဲ့ပါဘူး။ အဲဒီ ဘီဘတ်စ် ကလေးငယ်တွေရဲ့ ဖခင် ယာဒန် ဘီးဘတ်စ်ကို ဟားမာ့စ် တွေက ပြန်ပေးဆွဲထားရာကနေ ဇန်နဝါရီ ၂၀၂၅ အပစ်ရပ်စဲမှု သဘောတူညီချက်အောက်မှာ အခုလ အစောပိုင်း က လွှတ်ပေးခဲ့ပါတယ်။